ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာနယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ကျော်ကို ယနေ့ ဖေဖော်ဝါရီလ ၁၅ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်လိုက်ကြောင်း ဘင်္ဂလာဒေ့ရှ်သတင်းဌာန တစ်ခုဖြစ်သည့် Dhaka Tribune သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui ဦးဆောင်ပြီး နယ်ခြားစောင့်အဖွဲ့က မြန်မာနယ်ခြားစောင့် ကိုယ်စားလှယ်အဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဖော်ပြသည်။
အဆိုပါတပ်ဖွဲ့ဝင်များကို ကော့ဘဇားခရိုင်ရှိ Inani ရေတပ်ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးကျောက်ချ ရပ်နားထားသည့် မြန်မာရေတပ်က သင်္ဘောဖြင့် ပြန်လည် ခေါ်ဆောင်သွားကြောင်း ဆိုသည်။
မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ဖော်ပြထားခြင်း မရှိပေ။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) နှင့် တောင်ပြို (လက်ယာ) နယ်ခြားစောင့်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် AA ဖေဖော်ရီလ ၄ရက်မှ ၆ရက်အထိ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် နယ်ခြားစောင့်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းအချို့ ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။







