အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ ပုဂ္ဂလိကဆေးကောလိပ်တစ်ခု၌ မူဆလင်ကျောင်းသားအရေအတွက် အများအပြား ဝင်ခွင့်ရရှိခဲ့၍ ဟိန္ဒူဘာသာဝင်များ၏ ကန့်ကွက်ဆန္ဒပြမှု ပေါ်လာပြီးနောက် အဆိုပါ ဆေးကောလိပ်ကို အိန္ဒိယအစိုးရက ပိတ်လိုက်သည်။
အိန္ဒိယအမျိုးသား ဆေးဘက်ဆိုင်ရာကော်မရှင် (NMC) က အဆိုပါ Shri Mata Vaishno Devi Medical Institute (SMVDMI) ဆေးကောလိပ်အား ဇန်နဝါရီလ ၆ ရက်တွင် အသိအမှတ်ပြုမှု ရုတ်သိမ်းလိုက်သည်။
ယမန်နှစ် နိုဝင်ဘာလတွင် အဆိုပါ ဆေးကောလိပ်၌ ငါးနှစ်သင် ဆေးပညာဘွဲ့ကြိုသင်တန်းသို့ ကျောင်းသားဦးရေ ၅၀ ဝင်ခွင့် လက်ခံခဲ့သည်။
ယင်းမှာ အဆိုပါ ဆေးကောလိပ်၌ ပထမဆုံး ဖွင့်လှစ်သည့် ဆေးပညာဘွဲ့ကြိုသင်တန်းလည်း ဖြစ်သည်။
ဝင်ခွင့်ရကျောင်းသား ၄၂ ဦးမှာ မူဆလင်ကျောင်းသားများ ဖြစ်ပြီး ဟိန္ဒူဘာသာဝင်ကျောင်းသား ၇ ဦးနှင့် ဆစ်ခ်ဘာသာဝင်တစ်ဦးတို့ ဝင်ခွင့်ရရှိခဲ့သည်။
အဆိုပါ ပုဂ္ဂလိကဆေးကောလိပ်အား ဟိန္ဒူဘာသာရေးပရဟိတအဖွဲ့တစ်ခုက တည်ထောင်ပြီး အိန္ဒိယအစိုးရက ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ထားသည်။
မူဆလင်ကျောင်းသားအများစု ဝင်ခွင့်ပြုသည့်အပေါ် ဟိန္ဒူဘာသာဝင်များ၏ ကန့်ကွက်ဆန္ဒပြမှုများမှာ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
ဆန္ဒပြသူများသည် နေ့စဉ်နှင့်အမျှ ဆေးကောလိပ် ဝင်ပေါက်အရှေ့တွင် စုရုံးကာ ကြွေးကြော်သံများဖြင့် ဟစ်ကြွေးဆန္ဒပြခဲ့ကြသည်။
ဟိန္ဒိူဘာသာရေးပရဟိတအဖွဲ့အစည်းမှ ထောက်ပံ့သည့် အင်စတီကျူးရှင်းများတွင် မူဆလင်များ အကျိုးခံစားခွင့် မရသင့်ကြောင်း ဟိန္ဒူအုပ်စုများက ဆိုသည်။
ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာချိန်တွင် အမျိုးသားဆေးဘက်ဆိုင်ရာကော်မရှင်(NMC)က အဆိုပါ ဆေးကောလိပ်၏ လုပ်ငန်းလည်ပတ်ခွင့်ကို ရုပ်သိမ်းကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဆေးကောလိပ်သည် ဆေးပညာသင်ကြားရေးအတွက် အိန္ဒိယဖက်ဒရယ်အစိုးရက သတ်မှတ်ထားသော အနည်းဆုံးလိုအပ်ချက် စံချိန်စံညွှန်းများကို ပြည့်မီခြင်းမရှိဟုဆိုကာ ယင်းသို့ ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဆေးကောလိပ်တွင် သင်ကြားရေးဆရာအင်အား၊ လူနာလက်ခံနိုင်မှု၊ ပြင်ပလူနာဌာနများ၏ လူနာဝင်ရောက်မှုနှုန်း၊ စာကြည့်တိုက်များနှင့် ခွဲစိတ်ခန်းများတွင် ဆိုးရွားသော လိုအပ်ချက်များရှိနေကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာကော်မရှင်(NMC)က ဆိုသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကဆေးကောလိပ်များသို့ ဝင်ခွင့်ရရှိရန်အတွက် အိန္ဒိယဖက်ဒရယ်အစိုးရ ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) ကို ဖြေဆိုကြရသည်။
နှစ်စဉ် အိန္ဒိယကျောင်းသား နှစ်သန်းကျော်သည် ဆေးကျောင်းတက်ခွင့် ရရန် NEET စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြပြီး ခန့်မှန်းခြေ ဦးရေ ၁၂၀,၀၀၀ ခန့်သာ ဝင်ခွင့်ရလေ့ ရှိသည်။
ပညာသင်စရိတ် သက်သာသော်လည်း ဝင်ခွင့်အမှတ် မြင့်သည့် အစိုးရကောလိပ်များကို တက်ရောက်ရန် ကျောင်းသားများက ပိုမိုဆန္ဒရှိကြသည်။
အစိုးရကောလိပ်ဝင်ခွင့်ရမှတ် မမီသော်လည်း အနိမ့်ဆုံးသတ်မှတ်ချက်အမှတ်ကို ကျော်လွန်သူများသည် ပုဂ္ဂလိကကောလိပ်များသို့ တက်ရောက်ကြရသည်။
Source: Al Jazeera







