ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် အိန်ဂျယ်ယာဉ်လိုင်းက ယာဉ်တစ်စီး ဖမ်းဆီးခံရပြီး တစ်လနီးပါးအကြာတွင် ပြန်လွတ်

January 15, 2026

သရက်ချောင်းမြို့နယ်တွင် အိန်ဂျယ်ယာဉ်လိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်တစ်စီး ဖမ်းဆီးခံခဲ့ရပြီး တစ်လနီးပါးအကြာတွင် ပြန်လည် လွတ်မြောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၊ ဒေသခံအချို့နှင့် သက်ဆိုင်ရာယာဉ်လိုင်းတို့ထံမှ သိရသည်။

ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် အဆိုပါယာဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ဝန်းကျင်တွင် သရက်ချောင်း မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရ ကြောင်း ၎င်းတို့က ပြောသည်။

စစ်အာဏာရှင်တပ်၏ ယူနီဖောင်း၊ ဦးထုပ်စသည့် စစ်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သရက်ချောင်းမြို့နယ်က ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ် စစ်အသုံးအဆောင်ပစ္စည်းများကို တာလပတ်ဖြင့် ခင်းကျင်းပြီး ယာဉ်မောင်းနှင့်အတူ ဓာတ်ပုံ မှတ်တမ်းယူ နေသည်ကို မြင်တွေ့ခဲ့ကြောင်း ပြောဆိုသည်။

ဖမ်းဆီးခံရပြီးနောက် တစ်လနီးပါးအကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

“ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်မယ်။ အခုလ ဒုတိယအပတ်က ကားမောင်းပြီး ထွက်သွားတာ မြင်လိုက်တယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကား ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ရန်ကုန်နှင့် ထားဝယ်က အိန်ဂျယ် ယာဉ်လိုင်းတာဝန်ရှိသူများကို Dawei Watch က ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသည့် ဖြစ်စဉ်မှန်သော်လည်း ယာဉ်ပေါ် စစ်အသုံးအဆောင်များ တင်ဆောင်လာသည့် ဆိုသည့် ကိစ္စအပါအဝင် အသေးစိတ်အခြေအနေကို ဖြေဆိုခြင်း မရှိခဲ့ပေ။

“အဲဒီကားက ပျောက်နေတာကြာပြီ။ ကားရော လူရော ပျောက်နေတာကြာပြီ။ အဲဒီနေ့က ထားဝယ်ဂိတ်မှာ ပစ္စည်းချစရာ မရှိလို့ မဝင်ဘဲ မြိတ်ကိုတန်းသွားခဲ့တယ်။ မြိတ်ကို မရောက်လာဘဲ ၂၀ ရက်ကျော်မှ လမ်းမှာ ဖမ်းခံထားရတယ်ဆိုတာသိတာ” ဟု ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို ဇန်နဝါရီလ ၁၄ ရက်တွင် Dawei Watch က စာပေးပို့ မေးမြန်းထားသော်လည်း ယနေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲ ၃နာရီအထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။