ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်းစု တောင်သုံးလုံးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

January 15, 2026

ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် မီးရှို့ခံရကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် ဇန်နဝါရီလ ၁၁ ရက်က မီးရှို့ခံရကြောင်း ဖော်ပြသည် ။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ရှိသူအား မေးမြန်းရာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။

“ကမ်းကြီးအုပ်စုက ကျွန်တော်တို့ လက်လှမ်း မမီဘူးနော်။ ကျွန်တော်တို့ လှုပ်ရှားနယ်မြေနဲ့ဆို တောင်နဲ့ မြောက်ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ အခြား local (ဒေသကာကွယ်ရေးအဖွဲ့) တွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို ဇန်နဝါရီလ ၉ရက်က တောင်သုံးလုံးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ က ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးတစ်ဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်း ရမိကြောင်း အဆိုပါတပ်ရင်းက သတင်းထုတ်ပြန်သည်။

သို့သော် ရွေးကောက်ပွဲနေ့က တောင်သုံးလုံးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရခြင်းမှာ မြိတ်ခရိုင် တပ်ရင်း ၁ နှင့်လည်း မသက်ဆိုင်ကြောင်း အဆိုပါတပ်ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ကျွန်းစုမြို့နယ်၊ ကဘင်အုပ်စု၊ ခိုတောင်ရွာတွင်လည်း ရွေးကောက်ပွဲ အကြိုကာလ ဒီဇင်ဘာလ ၂၁ ရက်က ကျေးရွာတာဝန်ခံ လည်းဖြစ် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူလည်းဖြစ်သည့် ဦးမင်းမင်းနိုင်ကို အမည်မသိလက်နက်ကိုင်တစ်ခုက ဖမ်းသွားပြီးနောက် ပင်လယ်ထဲတွင် အလောင်းပြန်တွေ့ခဲ့သည်။