ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ကို ဆက်သွယ်ထားသော ဖလန်ဆောင် (ရာမ ၂) မိုးပျံတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီကျော်တွင် တံတားဆောက်လုပ်ရေး ကရိန်းနှင့်အတူ တံတား အောက်ခံဘောင်များသည် အောက်တွင် သွားနေသော ကားများပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
တံတားပြိုကျမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။
ကရိန်းပြိုကျသောနေရာသည် ဘန်ကောက်မှ စမွတ်စခွန်သို့ သွားသည့်လမ်းရှိ ထာ့ချင်းမြစ်ကို ဖြတ်သော တံတားအနီးတွင် ဖြစ်သည်။
လက်ရှိအချိန်အထိ တံတားပြိုကျရသော အကြောင်းအရင်းကို မသိရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။




ယခုဖလန်ဆောင်တံတား ဆောက်လုပ်ရေးကို အီတာလျံ-ထိုင်း ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း ယင်းဖလန်ဆောင်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမားအပါအဝင် အလုပ်သမား ခြောက်ဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သေးသည်။
ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်ကလည်း နခွန်ရတ်ချ်စီမားခရိုင်တွင် ရထားလမ်းဆောက်လုပ်ရေးသုံး ကရိန်းသည် အမြန်ခုတ်မောင်းလာသော ရထားပေါ် ပြုတ်ကျခဲ့သောကြောင့် ရထားလမ်းချော် မီးလောင်သဖြင့် သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့သည်။
Ref: Bangkok Post, The Nation Thailand, Thai Enquirer







