သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းဘေးရှိ ကျွဲဇပ်ကျေးရွာက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဝပ်ရှော့ဆရာ တစ်ဦးတို့ကို ဇန်နဝါရီလ ၁၃ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။
ဆင်ကူးရွာတွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးနှစ်လုံးချ တိုက်ခိုက် သဖြင့် စစ်အာဏာရှင်တပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့ စစ်ကြောင်းက ကျွဲဇပ်အထိဆင်းတယ်။ အဲဒီမှာ CDM ဆရာမနဲ့ ဝပ်ရှော့ဆရာကို ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ လူတွေကိုတော့ ခဏပဲခေါ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သက်သက်အေးနှင့် ဝပ်ရှော့ဆရာ ဦးအောင်သန်းဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့နှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
စစ်ကြောင်းမှာ ကျွဲဇပ်ကျေးရွာမှာ ဆင်ကူးကျေးရွာဘက်သို့ ပြန်ထွက်သွားပြီဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
သရက်ချောင်း မြို့ပေါ်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးက “စစ်ကြောင်းဆင်းတုန်းက ဖမ်းလာတယ် ဆိုတာတော့ ကြားတယ်။ ပြန် လွတ် မလွတ်တော့ မသိဘူး။ ဘာအတွက်ကြောင့် ဖမ်းလည်းဆိုတာလဲ မသိဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲအတွက် စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနေကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
သရက်ချောင်းမြို့နယ်သည် ရွေးကောက်ပွဲကျင်းပရန် အပိုင်း (၃) တွင် ပါဝင်နေပြီး ဇန်နဝါရီလ ၂၅ ရက်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၄ ရွာတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။







