အင်ဒိုနီးရှားနိုင်ငံ ၊ နယူးဂီနီကျွန်းရှိ ဗဟိုပါပူအာပြည်နယ်တွင် လက်နက်ကိုင်သူပုန်များ သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် သတ္တုတွင်းလုပ်သား ၁၈ ဦးအား အင်ဒိုနီးရှားစစ်တပ်က ကယ်ထုတ်လာနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
အင်ဒိုနီးရှားထံမှ ခွဲထွက်ခွင့် ရရှိရေး တောင်းဆိုတိုက်ပွဲဝင်လျက် ရှိသည့် ပါပူအာလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (Free Papua Movement) က အဆိုပါ အလုပ်သမားများကို သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ ၊ ဗဟိုပါပူအာပြည်နယ်ရှိ Freeport Indonesia သတ္တုတွင်းကုမ္ပဏီမှ လျှပ်စစ်တာဝါတိုင်ကို ပြင်ဆင်နေစဉ် အဆိုပါ အလုပ်သမားများကို သူပုန်များက သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
“သူတို့က အလုပ်သမားတွေကို ကြောက်အောင် လုပ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပြီး ဒုက္ခရောက်အောင် သေနတ် ပစ်ပြတာတွေ လုပ်ခဲ့တယ်” ဟု အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Rico Ricardo က ပြောသည်။
ပိတ်မိနေသည့် အလုပ်သမားများထံသို့ အင်ဒိုနီးရှားစစ်တပ်က ဒရုန်းများကို အသုံးပြု၍ အစားအသောက်နှင့် ဆေးဝါးများ ပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အလုပ်သမားများကို ကယ်ထုတ်သည့် စစ်ဆင်ရေးနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို အင်ဒိုနီးရှားစစ်တပ်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကယ်ဆယ်ရေးစစ်ဆင်ရေးကို အလွန်ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်၊ မြင့်မားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အချိန်အကန့်အသတ်ရှိတဲ့ အခြေအနေတွေကြားကနေ အောင်မြင်အောင် ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်” ဟု စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်ချုပ် Lucky Avianto က ဆိုသည်။
အင်ဒိုနီးရှားစစ်တပ်က YouTube တွင် မျှဝေထားသည့် ရုပ်သံမှတ်တမ်းတွင် လက်နက်ကိုင်စစ်သား နှစ်ဆယ်ကျော်သည် အခင်းဖြစ်ပွားရာနေရာအနီးရှိ တောအုပ်နှင့် မြစ်တစ်ခုကို ညအချိန်တွင် ဖြတ်ကျော်နေသည်ကို တွေ့ရသည်။
အခြားဓာတ်ပုံတစ်ပုံတွင်မူ စစ်သားများကို ၎င်းတို့ ကယ်ထုတ်လာသည့် သတ္တုတွင်းအလုပ်သမားများနှင့်အတူ တွေ့မြင်ရသည်။
သယံဇာတကြွယ်ဝသည့် အဆိုပါ နယူးဂီနီကျွန်း၏ တစ်ဝက်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ပိုင်နက်ဖြစ်ပြီး အခြားတစ်ဝက်မှာမူ ပါပူအာနယူးဂီနီနိုင်ငံအဖြစ် ရှိနေသည်။
ဒတ်ချ် ကိုလိုနီထိန်းချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီးနောက် ၁၉၆၉ ခုနှစ်မှစ၍ အဆိုပါ နယူးဂီနီကျွန်း၏ တစ်ဝက်သည် အင်ဒိုနီးရှားနိုင်ငံထဲတွင် ပါဝင်လာခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာထဲရှိ အဆိုပါ နယူးဂီနီကျွန်းသည် ကမ္ဘာ့အကြီးဆုံး ကျွန်းများထဲမှ တစ်ခု ဖြစ်သည်။
အဆိုပါ ပါပူအာဒေသသည် သယံဇာတ ပေါကြွယ်ဝသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲတွင် ပါဝင်နေသည်။
အဆိုပါ ဒေသတွင် ကမ္ဘာ့အကြီးဆုံး ရွှေနှင့်ကြေးနီ သတ္တုတွင်းများထဲမှ တစ်ခုဖြစ်သည့် Freeport ကုမ္ပဏီ၏ Grasberg သတ္တုတွင်း တည်ရှိသည်။
Source: Reuters







