ကလိန်အောင် – မလွှဲတောင် ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ သာယာမွန်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီခွဲဝန်းကျင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
မလွှဲတောင်ဘက်သို့ တက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများကြား ကားလမ်းမပေါ် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု ရှိ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကားလမ်းမ ယာယီပိတ်ခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီ ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းအသုံးပြုသည့် ကားသမားများက ဆိုသည်။
စစ်အာဏာရှင်တပ်က ပစ်ခတ်မှုဖြစ်ပြီးတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများက အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
“လောလောဆယ်တော့ အခြေအနေစောင့်ကြည့်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း အဆိုပါလမ်းပိုင်းရှိ ရေဖြူမြို့နယ် ရာဖူးရွာတွင် တပ်စွဲနေသည် စစ်အာဏာရှင်တပ်ကို ရေးဘီလူးနှင့် KNLA ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က သုံးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဘက်က ထုတ်ပြန်ပြောဆိုထားသည်။







