ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒွန်ရိုးဝါဒ ကန့်လန့်ကာဖွင့်ချိန်

January 15, 2026

ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကနေ ဘာတွေ ရဖို့ ရည်မှန်းထားသလဲလို့ အမေးခံရတဲ့အခါမှာ ဒေါ်နယ်ထရမ့်ဟာ ဝေဝေဝါးဝါးပဲ အဖြေပေးလေ့ရှိပါတယ်။ အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းအခြေချသူတွေနဲ့ ရာဇဝတ်သားတွေ ဝင်မလာအောင် တားဆီးဖို့ ၊ အမေရိကန်နိုင်ငံထဲကို ဗင်နီဇွဲလားက မူးယစ်ဆေးဝါးတွေ စီးဝင်မလာအောင် ဖြတ်တောက်ဖို့ ၊ အခြားနိုင်ငံတော်တော်များများမှာလိုပဲ ဗင်နီဇွဲလားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက နိုင်ငံပိုင်အဖြစ် သိမ်းယူထားတဲ့ ရေနံသယံဇာတတွေကို အမေရိကန်က ပြန်လည်ရယူဖို့ စတာတွေကိုပဲ ဒေါ်နယ်ထရမ့်က အကြောင်းပြခဲ့တာပါ။

ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲလုပ်မယ်ဆိုတဲ့ စကားကိုတော့ သူ မပြောခဲ့သလောက်ပါပဲ။ မူဆလင်ကမ္ဘာမှာ ‘ထာဝရမပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေ’နဲ့ ဆယ်စုနှစ်များစွာကြာခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ နောက်ထပ်ပြည်ပဝင်ရောက်စွက်ဖက်မှုတစ်ခု ပေါ်လာမှာကို သူ့ကို ထောက်ခံသူတွေ စိုးရိမ်နေမှန်း ဒေါ်နယ်ထရမ့်က သိနေခဲ့လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့ အရုဏ်မတက်ခင်အချိန်မှာ အမေရိကန်အထူးတပ်ဖွဲ့တွေက ဗင်နီဇွဲလားအာဏာရှင် နီကိုလတ်စ်မာဒူရိုကို အံ့အားသင့်စရာ ဝင်ရောက်စီးနင်းမှုနဲ့ အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးလိုက်ပြီးနောက်မှာတော့ မစ္စတာထရမ့်ဟာ လက်တင်အမေရိကမှာ အမေရိကန်အာဏာကို ဘယ်လိုကျင့်သုံးမလဲဆိုတဲ့ ထူးဆန်းတဲ့ ပြကွက်ကို ချပြလာပါတယ်။

အဲဒါကို သူက ဒွန်ရိုးဝါဒ (Donroe Doctrine) လို့ နာမည်ပေးထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေနံသယံဇာတတွေကို ဂုဏ်ယူဖွယ်ရာ ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလားကို အမေရိကန်က တိုက်ရိုက် စီမံအုပ်ချုပ်သွားမှာဖြစ်ပြီး လိုအပ်ရင် စစ်တပ်ပါ ချထားမယ်။ အမေရိကန်နိုင်ငံသားထုနဲ့ ဗင်နီဇွဲလားနိုင်ငံသားထုနှစ်ရပ်စလုံး ချမ်းသာကြွယ်ဝစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗင်နီဇွဲလားက ကြီးမားတဲ့ ရေနံဓနကို အမေရိကန်ကုမ္ပဏီတွေက ထုတ်ယူသွားမယ်။

လိုအပ်ရင် ဒီမိုကရေစီဟာ အာဏာအောက်မှာ အရှုံးပေးရမယ်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ မဲလိမ်ခံခဲ့ရလို့ အနိုင်မရခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာကိုရီနာမာချာဒိုဟာလည်း ရေတိုအနာဂတ်မှာ ဘယ်အခန်းကဏ္ဍကနေမှ ပါဝင်ခွင့်ရလိမ့်မယ်မဟုတ်ဘူး။ အဲဒီအစား မစ္စတာမာဒူရို ကိုယ်တိုင်လက်ရွေးစင် ခန့်အပ်ထားတဲ့ ဗင်နီဇွဲလားဒုသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်က အမေရိကန်အရှင်သခင်သစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားလိမ့်မယ့်ဟု ထရမ့်က အခိုင်အမာပြောခဲ့ပါတယ်။

ဒါကို ဒယ်လ်စီရိုဒရီဂွက်ဇ်က ငြင်းဆန်ထားပါတယ်။ လက်တင်အမေရိကဒေသတွင်းက အခြားနိုင်ငံတွေအနေနဲ့ မက္ကဆီကိုလို အမေရိကန်ရဲ့ မိတ်ဆွေနိုင်ငံပဲ ဖြစ်ဖြစ် ၊ ကျူးဘားလိုမျိုး ရန်သူနိုင်ငံပဲ ဖြစ်ဖြစ် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ် ၊ မဟုတ်ရင် နောက်ဆက်တွဲတွေကို ရင်ဆိုင်ရမယ်လို့ ထရမ့်က သတိပေးထား ပါတယ်။ ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်ဆီ ပို့နေတယ်လို့ ထရမ့်က စွပ်စွဲထားတဲ့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုကိုလည်း သတိကြပ်ကြပ်ထားပြီး နေဖို့ သတိပေးထားပါသေးတယ်။

လက်တင်အမေရိကမှာ ပြင်ပအင်အားကြီးနိုင်ငံတွေကို ဖယ်ထုတ်ဖို့ ရည်ရွယ်တဲ့ ၁၉ ရာစုက မွန်ရိုးဝါဒ (Monroe Doctrine) ကို အမေရိကန်က ကျင့်သုံးဖို့ မေ့လျော့နေတာ ကြာပြီလို့ ထရမ့်က ဆိုပါတယ်။ အခုအချိန်ကစပြီး “အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဘယ်သူမှ ပြန်လှန်မေးခွန်းထုတ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူး” လို့ ထရမ့်က ကြေညာခဲ့ပါတယ်။

မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပနားမားအာဏာရှင်ဟောင်း မန်နျူရယ် နိုရီဂါကို အမေရိကန်က ဖမ်းဆီးခဲ့တဲ့နေ့ ၃၆ နှစ် ပြည့်တဲ့နေ့မှာ ဖြစ်ပွားခဲ့တာပါ။ မန်နျူရယ် နိုရီဂါကို လက်တင်အမေရိကမှာ အစိုးရအပြောင်းအလဲလုပ်ဖို့ အမေရိကန်က နောက်ဆုံးကြားဝင်စွက်ဖက်မှုရဲ့ ပစ်မှတ်လည်း ဖြစ်ပါတယ်။

မစ္စတာမာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘေးကင်းလုံခြုံရာ အခန်းထဲကို မထွက်ပြေးနိုင်ခင်မှာပဲ အဖမ်းခံခဲ့ရပါတယ်။ သူတို့ကို ကုန်းရေနှစ်သွယ်တိုက်ခိုက်နိုင်တဲ့ အမေရိကန်စစ်သင်္ဘော USS Iwo Jima ဆီ အမြန်ဆုံး ခေါ်ဆောင်သွားခဲ့ပါတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ သူတို့နှစ်ယောက်ကို နယူးယောက်မှာ တရားရင်ဆိုင်စေဖို့ပါ။

လေကြောင်းစစ်ဆင်ရေး အောင်မြင်သွားတာရယ် ၊ “ဝရမ်းပြေး” လို့ သတ်မှတ်ထားတဲ့ မာဒူရိုကို ဥပဒေကြောင်းအရ အရေးယူဖို့ အလေးထားတာရယ်က အမေရိကန် ရီပတ်ဘလင်ကန်အမတ်တွေရဲ့ စိုးရိမ်မှုကို လျော့ပါးသွားစေကောင်းသွားစေနိုင်ပါတယ်။

အစကတော့ ရီပတ်ဘလင်ကန်အမတ်တွေဟာ ဗင်နီဇွဲလားမှာ ကြားဝင်စွက်ဖက်မှုဟာ War Powers Act ဥပဒေနဲ့ ငြိစွန်းမှုမှာကို ရီပတ်ဘလင်ကန်အမတ်တွေက စိုးရိမ်နေခဲ့တာပါ။ War Powers Act ဥပဒေဟာ ကွန်ဂရက်လွှတ်တော်ရဲ့ ထောက်ခံအတည်ပြုချက်မပါပဲ နိုင်ငံခြားစစ်ပွဲတွေမှာ အမေရိကန်သမ္မတရဲ့ ဝင်ပါနိုင်စွမ်းကို ကန့်သတ်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီမိုကရက်လွှတ်တော်အမတ်တွေကတော့ ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ တရားမဝင်ဘူးလို့ ပြောဆိုကြပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်လိုက်တဲ့အပေါ် အထူးစိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ဘရာဇီးလိုမျိုး လက်ဝဲယိမ်း လက်တင်အမေရိကအစိုးရတွေကတော့ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ လက်ယာယိမ်းအစိုးရတွေကတော့ ထောက်ထောက်ခံခံပါပဲ။ အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေကတော့ ဒီစီးနင်းမှုကို “လွတ်လပ်တဲ့ ကမ္ဘာကြီးအတွက် သတင်းကောင်း” ဆိုပြီး ချီးကျူးခဲ့ပါတယ်။ အခြားကမ္ဘာ့ဒေသတွေက ခေါင်းဆောင်တွေ အထူးသဖြင့် ဥရောပက ခေါင်းဆောင်တွေကတော့ တည်ငြိမ်မှုရှိရေးကိုပဲ မေတ္တာရပ်ခံတောင်းဆိုနေခဲ့ကြပါတယ်။

လက်တင်အမေရိကနွယ်ဖွားထဲက ပထမဆုံးအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ မာကို ရူဘီယိုအတွက်တော့ မာဒူရိုကို ဖယ်ရှားတာဟာ ပိုကြီးကျယ်ခမ်းနားတဲ့ ပထဝီနိုင်ငံရေးစီမံကိန်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အမြဲရှိနေခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ ကာရစ်ဘီယံဒေသက အချမ်းသာဆုံး လက်ဝဲအစိုးရကို ဖြုတ်ချပြီး ဗင်နီဇွဲလားရဲ့ ဈေးပေါပေါ ရေနံတွေကနေ အကျိုးခံစားနေတဲ့ နီကာရာဂွာနဲ့ ကျူးဘားတို့လို နိုင်ငံတွေကို အားပျော့သွားအောင် လုပ်ဖို့ပါပဲ။

ဒီဒေသကနေ တရုတ်နဲ့ ရုရှားတို့လို ရန်သူနိုင်ငံတော်တွေကို မောင်းထုတ်ဖို့လည်း ရည်ရွယ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ကျူးဘားကို ဗင်နီဇွဲလားရဲ့ အထောက်အပံ့တွေကနေ ဖြတ်တောက်ဖို့ အမေရိကန်က စီစဉ်ထားတာရှိလားလို့ အမေးခံရတဲ့အခါမှာ မစ္စတာထရမ့်က “ရှိတာပေါ့” လို့ ဖြေခဲ့ပါတယ်။

အရင်ကတော့ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေက အရိပ်အမြွက်ပဲ ပြောခဲ့ကြတာပါ။ နိုဝင်ဘာက ထုတ်ပြန်တဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ( national security strategy) မှာလည်း ဒီအချက်တွေကို အရိပ်အမြွက်ပဲ ဖော်ပြထားခဲ့တာပါ။ အနောက်ကမ္ဘာခြမ်းဒေသမှာ အမေရိကန်ရဲ့ အခရာကျမှုကို ပြန်လည်ဖော်ထုတ်မယ်ဆိုတဲ့အကြောင်း အဲဒီအမျိုးသားလုံခြုံရေးမဟာဗျူဟာထဲမှာ ကတိပြုထားပါတယ်။ “Operation Absolute Resolve” စစ်ဆင်ရေးနဲ့အတူ အဲဒါတွေက အခုတော့ ရှင်းရှင်းလင်းလင်း ပြောင်ပြောင်တင်းတင်း ဖြစ်သွားပါပြီ။

အာဖဂန်နစ္စတန်နဲ့ အီရတ်တုန်းကလိုမျိုး တိုက်ရိုက်ဝင်ရောက်သိမ်းပိုက်အုပ်ချုပ်ရတာကို စိတ်မချမ်းမသာ လုပ်နေရတာထက်စာရင် မစ္စစ်ရိုဒရီဂွက်ဇ်ကနေတစ်ဆင့် ဗင်နီဇွဲလားကို သွယ်ဝိုက်အုပ်ချုပ်သွားဖို့ကို ထရမ့်အစိုးရက မျှော်လင့်နေပုံ ရပါတယ်။ မစ္စတာရူဘီယိုဟာ မစ္စစ်ရိုဒရီဂွက်ဇ်နဲ့ စကားပြောထားပြီးပြီလို့ မစ္စတာထရမ့်က ဆိုပါတယ်။ “ဗင်နီဇွဲလားကို တဖန်ကြီးကျယ်ခမ်းနားလာအောင် လုပ်ဖို့ ကျွန်တော်တို့ လိုအပ်တယ်လို့ ထင်တာတွေကို လုပ်ပေးဖို့ သူမက ဆန္ဒရှိနေပါတယ်။ ဒါက အရမ်းကို ရိုးရှင်းပါတယ်” လို့ ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ ဒုသမ္မတမစ္စစ်ရိုဒရီဂွက်ဇ်ကတော့ အာခံတဲ့ လေသံနဲ့ တုံ့ပြန်ပါတယ်။ ဗင်နီဇွဲလားဟာ “ဘယ်သူ့ကိုလိုနီမှ ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူမက ကတိပြုပြောကြားထားပါတယ်။ “ဗင်နီဇွဲလားအပေါ် လုပ်ဆောင်နေတာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုပဲ”လို့ သူမက ဆိုပါတယ်။ မာဒူရိုကို ပြန်လွှတ်ပေးဖို့အတွက်လည်း သူမက တောင်းဆိုပါတယ်။

တစ်ဖက်မှာလည်း မစ္စမာချာဒိုက အရွေးကောက်ခံ အတိုက်အခံအင်အားစုဟာ “ကျွန်မတို့ရဲ့ မန်းဒိတ်ကို ကျင့်သုံးပြီး အာဏာလွှဲပြောင်းရယူဖို့ အသင့်ပြင်ထားပြီးပြီ” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာထရမ့်က သူတို့ကို မဖြစ်စလောက် ထောက်ခံမှုသာ ပြခဲ့ပါတယ်။ “နိုင်ငံ့ခေါင်းဆောင်လုပ်ဖို့ဆိုတာ သူမ အတွက် အင်မတန် ခက်ခဲပါလိမ့်မယ်” လို့ ထရမ့်က ပြောပါတယ်။

နိုင်ငံအတွင်းမှာ သူမအပေါ် ထောက်ခံမှုရော လေးစားမှုရော မရှိဘူးလို့ ထရမ့်က အခိုင်အမာပြောပါတယ်။ တကယ်တော့ အဲဒါက မမှန်ပါဘူး။ စစ်ဘက်ဆိုင်ရာပညာရေးအင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ Army War College က အီဗန်အက်လစ်စ်ကတော့ ဗင်နီဇွဲလားအတိုက်အခံတွေကို ထရမ့်က အဲဒီလို လျစ်လျူရှုလိုက်တာက အမေရိကန်ကျွမ်းကျင်ပညာရှင်တော်တော်များကို ဆွံ့အမှင်တက်သွားစေခဲ့တယ်လို့ ဆိုပါတယ်။ မိုင်ယာမီက အောင်ပွဲခံပါတီတွေမှာ ရောက်နေကြတဲ့ ဗင်နီဇွဲလားသားတွေကလည်း ဒါကို မယုံနိုင် ဖြစ်နေခဲ့ပါတယ်။ ထရမ့် အပြောမှားသွားတာပဲ ဖြစ်မယ်လို့ သူတို့က ဇွတ်အတင်းပြောနေခဲ့ကြပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်တပ်တွေ ချထားဖို့ လိုမလားလို့ အမေးခံရတဲ့အချိန်မှာ မစ္စတာထရမ့်က “လိုအပ်လာရင် ကျွန်တော်တို့ တပ်ဖွဲ့တွေ ချထားဖို့ ဝန်မလေးဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်တပ်တွေ ချထားတာဟာ ရေနံလုပ်ငန်းခွင်တွေကို ကာကွယ်ဖို့အတွက်သက်သက်သာ ဖြစ်နိုင်တယ်လို့ သူက အရိပ်အမြွက် ပြောခဲ့ပါတယ်။

“ကျွန်တော်တို့က ဒါကို မှန်မှန်ကန်ကန် စီမံခန့်ခွဲသွားမှာပါ။ ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီတွေ ဝင်လာအောင် လုပ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခိုင်းမယ်” လို့ သူက ဆိုပါတယ်။ ရွေးကောက်ပွဲတွေကိုတော့ မြန်မြန်ဆန်ဆန် ကျင်းပစေချင်တယ်လို့ သူက ပြောပါတယ်။ ဒါကလွဲရင် ဗင်နီဇွဲလားကို အမေရိကန်က ဘယ်လောက်ကြာကြာ အုပ်ချုပ်သွားမလဲဆိုတဲ့ အချိန်အကန့်အသတ်ကို ထရမ့်က မပြောထားပါဘူး။

ဒါတွေအားလုံးဟာ ပြည်ပနိုင်ငံတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ စိုးရိမ်သတိထားလာတာကနေ ထရမ့်အစိုးရရဲ့ မူဝါဒ သိသိသာသာ ပြောင်းလဲလာမှုပါပဲ။ ဇွန်လတုန်းက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို ထရမ့်က ဗုံးကြဲခဲ့ပေမဲ့ အီရန်ရဲ့ပြည်တွင်းနိုင်ငံရေးထဲမှာ ဝင်မပါခဲ့ပါဘူး။ ဒါပေမဲ့ အခုအပတ်မှာတော့ အီရန်ရဲ့ ဘာသာရေးအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

မစ္စတာထရမ့်ဟာ အနောက်ကမ္ဘာခြမ်းဒေသကို ကွဲပြားစွာ ရှုမြင်ယူဆထားတယ်ဆိုတဲ့အကြောင်း ဝါရှင်တန်အခြေစိုက် Think-Tank တစ်ခုဖြစ်တဲ့ Centre for Strategic and International Studies ရဲ့ ရိုင်ယန်ဘာ့ဂ်က ပြောပါတယ်။ အနောက်ကမ္ဘာခြမ်း ဒေသကို ထရမ့်က သူ့ရဲ့ ‘အမေရိကန် ပထမ’ မူဝါဒရဲ့ တိုးချဲ့နယ်မြေတစ်ခုလို့ ကွဲပြားစွာ ရှုမြင်ထားတာ ဖြစ်တယ်လို့ ရိုင်ယန်ဘာ့ဂ်က ဆိုပါတယ်။

ဗင်နီဇွဲလားစစ်တပ်နဲ့ ပြည်သူ့စစ်တွေက ပြန်ခုခံလာမယ်ဆိုရင် မစ္စတာထရမ့်အနေနဲ့ ဗင်နီဇွဲလားနိုင်ငံကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကတော့ မရှင်းမလင်း ရှိနေဆဲပါပဲ။ မစ္စရိုဒရီဂွက်ဇ်နဲ့ အခြားအသက်ရှင်နေသေးတဲ့ ဗင်နီဇွဲလားခေါင်းဆောင်တွေကတော့ အဲဒီလို ခုခံသွားမယ်လို့ လူသိရှင်ကြား ကတိပြုထားပါတယ်။ ကိစ္စတော်တော်များများဟာ မာဒူရိုအစိုးရရဲ့ အာဏာချိန်ခွင်လျှာအပေါ် မူတည်နေပါတယ်။

မာဒူရိုကို အမေရိကန်တပ်တွေက ဒီလောက်မြန်မြန်ဆန်ဆန် ဖမ်းထုတ်သွားနိုင်တာကို ကြည့်ရင် သူ့အစိုးရထဲက အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ယောက်က ကူညီခဲ့တယ်ဆိုတာ သိသာနေပါတယ်။ အနာဂတ် တချိန်ချိန်မှာ အပေးအယူလုပ်ဖို့အတွက် ဒီလို လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မာဒူရိုကိုဖမ်းဖို့ သတင်းပေးရင် အမေရိကန်က ပေးမယ်လို့ ကတိပြုထားတဲ့ ဒေါ်လာသန်း ၅၀ ဆုကြေးကို ရချင်လို့လည်း ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ စစ်တပ်တွေ ဘာလုပ်နိုင်သလဲဆိုတာကို ထရမ့်က အခု သက်သေပြလိုက်ပါပြီ။ ကာရာကတ်စ်မြို့မှာ အာဏာလုနေကြတဲ့ ရိုဒရီဂွက်ဇ်နဲ့ အခြားပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ရဲ့ ပြိုင်ဘက်တွေကို နှိမ်နင်းပြီး အာဏာကို ထိန်းချုပ်ထားနိုင်ရင်တောင်မှ အမေရိကန်ရဲ့ ကြီးမားတဲ့ စစ်အင်အားက သူတို့အပေါ် အမြဲတမ်း ခြိမ်းခြောက်နေမယ်ဆိုတာကို သိနေကြပါပြီ။ 

"ဗင်နီဇွဲလားမှာရှိတဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်အားလုံး သိထားသင့်တာက မာဒူရို ဖြစ်သွားသလိုမျိုး သူတို့လည်း ဖြစ်သွားနိုင်တယ်ဆိုတာပဲ။ သူတို့ပြည်သူတွေအပေါ် မှာတောင်မှ သူတို့က မမျှတဘူး၊ မဖြောင့်မတ်ဘူးဆိုရင် အဲဒီလိုပဲ ဖြစ်လာလိမ့်မယ်"လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

“အာဏာရှင်လည်းဖြစ် အကြမ်းဖက်သမားလည်း ဖြစ်တဲ့ မာဒူရိုဟာ နောက်ဆုံးတော့ ဗင်နီဇွဲလားမှာ မရှိတော့ပါဘူး။ ပြည်သူတွေ ပြန်လွတ်လပ်သွားပါပြီ၊ သူတို့တွေ နောက်တစ်ကြိမ် လွတ်လပ်ခွင့် ရသွားပါပြီ” လို့လည်း ထရမ့်က ဗင်နီဇွဲလားပြည်သူတွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒါက တကယ်ပဲ လွတ်လပ်သွားတာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဘာလို့လဲဆိုတော့ ထရမ့်ရဲ့ အစီအစဉ်က ရွေးကောက်ခံခေါင်းဆောင်တွေကို ဖယ်ထုတ်ထားပြီး ဗင်နီဇွဲလားကို အစိုးရဟောင်းက လူတွေရဲ့ နေ့စဉ်ဘဝအုပ်ချုပ်မှုအောက်မှာ ဆက်ရှိခိုင်းထားပုံရလို့ပါ။ ထရမ့်ရဲ့ အစီအစဉ်က ဗင်နီဇွဲလားရဲ့ ကြွယ်ဝချမ်းသာမှုကို အမေရိကန်ကုမ္ပဏီတွေကပဲ ဆက်ထိန်းချုပ်သွားစေမယ့် ပုံပေါက်နေလို့ပါပဲ။

(The Economist က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖော်ပြထားသည့် Donald Trump wants to run Venezuela, and dominate the western hemisphere ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုသည်။)

စျာန်ဟိန်း