BREAKING
October 20, 2025

ကမ္ဘာ့ရွှေဈေးတက်သော်လည်း ပြည်တွင်းရွှေဈေး မတက်သေး

December 14, 2022

ကမ္ဘာ့ရွှေဈေးတက်နေသော်လည့် ပြည်တွင်းရွှေဈေးမှာ မတက်ဘဲ ယခင်ဈေးအတိုင်းပင် ရောင်းချနေကြကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 ယနေ့ (ဒီဇင်ဘာ ၁၄)တွင် ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ ကျော်အထိ ထိုးတက်သွားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က တစ်အောင်စလျှင် ၁၇၈၀ ဒေါ်လာ ဝန်းကျင်သာ ရှိခဲ့သည်။

လက်ရှိတွင် ဝယ်လိုအားမရှိသည့်အတွက် ပြည်တွင်းရွှေဈေး မတက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အရောင်းအဝယ်ပါးလို့ လိုက်တောင် မတက်နိုင်ဘူးရှင်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဖြင့် ရောင်းချနေကြသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်ခဲ့သည့် ပြီးခဲ့သည့် သုံးလခန့်ကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်ကျလာခြင်းဖြစ်သည်။