BREAKING
November 14, 2025

ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်ကြောင့် ဂျပန်သံအမတ်ကို တရုတ်ဆင့်ခေါ်

November 14, 2025

ထိုင်ဝမ်အရေး ဂျပန်ဝန်ကြီးချုပ်သစ်၏ မှတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း တရုတ်အစိုးရဘက်က ပြောကြားသည်။

ထိုင်ဝမ်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများပေါ်ပေါက်လာပါက စုပေါင်းကာကွယ်ရေးအနေဖြင့် ထိုင်ဝမ်ကို ဂျပန်တပ်ဖွဲ့များ စေလွှတ်ရန် ခွင့်ပြုသွားနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိသည် ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်လွှတ်တော်တွင် ပြောကြားသည်။

“ထိုင်ဝမ်မှာ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်လာပြီး စစ်သင်္ဘောတွေနဲ့ အင်အားသုံးတိုက်ခိုက်မှုတွေ ပါဝင်လာရင် ဘယ်လိုပဲစဥ်းစားစဥ်းစား အဲဒါက ဂျပန်နိုင်ငံရဲ့ ရပ်တည်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်” ဟု သူမက ပြောသည်။

နောက်ပိုင်းတွင် အဆိုပါမှတ်ချက်များမှာ စိတ်ကူးသက်သက် မှန်းဆပြောဆိုခြင်းသာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

လွှတ်တော်တွင် အလားတူမှတ်ချက်မျိုး ထပ်မံပြောဆိုခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

သို့သော် အတိုက်အခံအမတ်တစ်ဦးကမူ သူမ၏ ပြောဆိုမှုကို ပြန်လည်ပြင်ဆင်သင့်ကြောင်း ပြောဆိုပြီးနောက်တွင် သူမ၏ မှတ်ချက်များမှာ ဂျပန်အစိုးရ၏ ရပ်တည်ချက်နှင့် ကိုက်ညီပြီး ပြန်လည်ရုပ်သိမ်းမည် မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ်က ထပ်မံပြောကြားခဲ့သည်။

ထိုင်ဝမ်အပေါ် ၎င်းတို့၏ သဘောထားရပ်တည်ချက်မှာ မပြောင်းလဲသေးကြောင်း ဂျပန်အစိုးရက ယနေ့ သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက်သာမက နိုင်ငံတကာ အသိုက်အဝန်းရဲ့ တည်ငြိမ်ရေးအတွက်ပါ အရေးကြီးပါတယ်” ဟု ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောသည်။

ထိုင်ဝမ်နှင့် ပတ်သက်သည့် ပြဿနာများကို ဆွေးနွေးမှုကတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ခြင်းသည် ဂျပန်အစိုးရ၏ တသမတ်တည်းရှိသည့် ရပ်တည်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထိုင်ဝမ်အပေါ် ဂျပန်အစိုးရရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်နဲ့လည်း ကိုက်ညီမှုရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၁၉၇၂ ခုနှစ် ကြေညာချက်အရ ဂျပန်အစိုးရက ဘေဂျင်း၏ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China policy)” ကို အသိအမှတ်ပြုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်ဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောဆိုလျက်ရှိပြီး ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုပါဟု ကတိပြုထားခြင်း မရှိပေ။

Source-AFP