ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွားများကို ပိုမိုတင်းကျပ်မည့် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ စည်းမျဉ်းများကို အသစ်ချမှတ်လိုက်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းစည်းမျဉ်းအသစ်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသွားများအား အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ခရီးသွားဗီဇာ နှစ်ကြိမ်အထက် အသုံးပြုပြီး ဝင်ရောက်လာပါက ပြည်ဝင်ခွင့် ပိတ်ပင်သွားမည့် အစီအစဉ်လည်းပါဝင်သည်။
ပြည်ဝင်ခွင့်ဗီဇာများကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ပြီး ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသော အွန်လိုင်းရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ လိုင်စင်မဲ့ စီးပွားရေးလုပ်ကိုင်မှုများကဲ့သို့သော တရားမဝင် လုပ်ငန်းများကို နိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေကြသဖြင့် နေထိုင်ခွင့်ဗီဇာများကို တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း လဝကရဲမှူးကြီးက ပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် လဝကဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ခရီးသွားဗီဇာများကို အလွဲသုံးစားပြုလုပ်၍ နိုင်ငံခြားသားများ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေမှုကို ကာကွယ်နိုင်ရန် စည်းမျဉ်းအသစ် ချမှတ်လိုက်ကြောင်း ရဲမှူးကြီး Cheongron Rimpadee က ပြောသည်။
နိုင်ငံခြားသားများသည် ဗီဇာကင်းလွတ်ခွင့် ရရှိထားသော ခရီးသွားဗီဇာများဖြင့် ထိုင်းနိုင်ငံထဲသို့ အကြိမ်ကြိမ် ဝင်ရောက်လာမှုများအား စေ့စေ့စပ်စပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နိုင်ငံခြားသားများက ရက် ၉၀ အထိ နေထိုင်ခွင့်ပြုထားသည့် ခရီးသွားဗီဇာများကို ထွက်ပေါက်အဖြစ် အလွဲသုံးစားလုပ်၍ နိုင်ငံအတွင်း အွန်လိုင်းရာဇဝတ်မှုများကဲ့သို့ တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း ၎င်းက ပြောသည်။
ယင်းထွက်ပေါက်ကို ပိတ်နိုင်ရန် နိုင်ငံတကာလေဆိပ်နှင့် နယ်စပ်ဂိတ်များက ဝင်လာသော နိုင်ငံခြားသားများအနေဖြင့် ခရီးသွားဗီဇာ နှစ်ကြိမ်အထက် ရယူဖူးပါက နိုင်ငံအတွင်း ဝင်ရောက်ရန် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ပေးရမည်ဖြစ်ပြီး အကယ်၍ မခိုင်လုံပါက ပြည်ဝင်ခွင့် ငြင်းပယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းခရီးသွားများအနေဖြင့် နောက်တစ်ကြိမ် ပြည်ဝင်ခွင့်ရရှိရန် သက်ဆိုင်သော ဗီဇာအမျိုးအစားတစ်ခုကို ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ယခုနှစ်အတွင်း ဗီဇာများကို အလွဲသုံးစားလုပ်၍ ဝင်လာသော နိုင်ငံခြားသား ၂၉၀၀ ကျော်ကို ပြည်ဝင်ခွင့် ငြင်းပယ်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
ကျားဖြန့်လုပ်ငန်းများနှင့် နယ်နမိတ် ထိစပ်နေသော မဲဆောက်နယ်စပ်ဂိတ်ကဲ့သို့သော နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်လာသော နိုင်ငံခြားသားများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ထိုင်း-မြန်မာနယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နှင်ဒဏ်ပေးထားသူများအားလုံး ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့် လုံးဝ ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်းပါရှိသည်။
နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးထားသူများကိုလည်း တင်းတင်းကြပ်ကြပ် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ပြီး အကယ်၍ သက်တမ်းတိုးနေထိုင်ခွင့်ကို အကြိမ်ကြိမ်ပြုလုပ်ထားပါက နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုတ်သိမ်းခြင်း သို့မဟုတ် ငြင်းပယ်၍ နေရပ်ပြန်ပို့ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတဝန်းတွင်လည်း နေထိုင်ခွင့် သက်တမ်းကျော်လွန်နေသူများအား ဖမ်းဆီးအရေးယူမှု အရှိန်မြင့်သွားမည်ဖြစ်ပြီး ပြည်သူများသိရှိနိုင်ရန်အတွက် ပုံမှန်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ထိုင်းနိုင်ငံထဲ စစ်ဆေးဖမ်းဆီးမှုများ အရှိန်မြင့်လာနိုင်သဖြင့် ထိုင်းရောက်မြန်မာအလုပ်သမားများ သတိရှိရှိ နေထိုင်လုပ်ကိုင်ကြရန် မြန်မာအလုပ်သမားအဖွဲ့အစည်းများကလည်း တိုက်တွန်းထားသည်။
Ref: Bangkok Post, The Thaiger







