BREAKING
November 14, 2025

မောတောင်နယ်စပ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်အာဏာရှင် ဘက်တော်သားများ ထိုင်းထွက်ပြေး

November 14, 2025

ပုံစာ-မောတောင်နယ်စပ်စခန်းအားတွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များက ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစကာ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုအချိန်မှစကာ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ၄ ရက်မြောက်နေ့တွင် မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးရဲဘော်စတားကလည်း မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသည်။

“ရပြီလို့ ပြောနိုင်တယ်။နယ်မြေရှင်းလင်းနေတုန်းပါ”ဟု ရဲဘော်စတားက ပြောသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေကြောင်းက အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးဖြင့်လည်း မကြာခဏပစ်ခတ်ခဲ့သည်။

နိုဝင်ဘာလ ၁၂ရက်နှင့် ၁၄ ရက်နေ့အထိ စစ်အာဏာရှင်တပ်ဘက်က နေ့ဘက်ရော ညဘက်တွင်ပါ ဂျက်တိုက်လေယာဥ်နှင့် Y-12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ရာချီ ကြဲချတိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင်မူ စစ်အာဏာရှင်တပ်သား ၂၀ ဝန်းကျင် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး ထိုင်းစစ်သားများထံ လက်နက်အပ်နေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သော စစ်ရှောင်တစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ အဆိုအရ ယနေ့နံနက် ၁၁ နာရီခန့်တွင် စစ်အာဏာရှင်တပ်သားများအပါအဝင် ပျူစောထီးနှင့် ရဲများပါဝင်သည့် အင်အား ၅၀ ခန့်သည် မောတောင်မြို့ရှိ တောင်ခြေမှတစ်ဆင့် ထိုင်းစစ်ကားများဝန်းရံကာ ပကျွတ်မြို့သို့ ပြောင်းရွှေ့နေသည်ဟု ဆိုသည်။

မောတောင်မြို့ရှိ လဝကရုံး၊ မြို့မရဲစခန်း၊ ဂိတ်စခန်းတစ်ခု ဆုံးရှုံးသွားပြီး စစ်အာဏာရှင်တပ်သားများ လက်နက် ၁၉ လက်နှင့် ထိုင်းဘက်သို့ ပြေးသွားကြောင်း စစ်လော်ဘီများကလည်း လူမှုကွန်ရက်တွင် ရေသားနေကြသည်။

ယနေ့ နံနက် ၈ နာရီ ဝန်းကျင်တွင်မူ မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်သား၊ ပျူစောထီးနှင့်ရဲ အချို့ တော်လှန်ရေးတပ်ဖွဲ့ထံ အလံဖြူထောင်အညံ့ခံသွားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း မောတောင်မြို့ခံအားလုံး ထွက်ပြေးတိမ်းရှောင်နေကြပြီး စားနပ်ရိက္ခာနှင့် နေထိုင်မည့်အမိုးအကာများ အရေးပေါ်လိုအပ်နေသည်။

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့သွားသည့် လမ်းတစ်လျှောက်ကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

အဆိုပါနယ်စပ်လမ်းကို ပြန်လည်ရယူရန် စစ်အာဏာရှင်တပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း လက်ရှိအချိန်အထိ ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာအနီးတွင်ရပ်တန့်နေသည်။