အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းအား အကြမ်းဖက်ရန် လှုံ့ဆော်သည့်ပုံဖြစ်စေသည့် တည်းဖြတ်ပေါင်းစပ်ခဲ့မှုအတွက် BBC သတင်းဌာနဘက်က ထရမ့်အား နိုဝင်ဘာလ ၁၃ ရက်တွင် တောင်းပန်လိုက်သည်။
BBC သတင်းဌာနအား တရားစွဲမည်ဟု ထရမ့်၏ ခြိမ်းခြောက်မှုကို ရှောင်ရှားနိုင်ရန် ယင်းသို့ တောင်းပန်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
BBC က ၎င်းအား အသရေဖျက်ရန် ကြိုးစားခဲ့သည်ဆိုသည့် ထရမ့်၏ ပြောဆိုမှုများကိုမူ BBC သတင်းဌာနက ပယ်ချခဲ့သည်။
မိန့်ခွန်းတည်းဖြတ်မှု အမှားအယွင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည့် ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကို BBC ဥက္ကဋ္ဌ Samir Shah က အိမ်ဖြူတော်သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ Panorama အစီအစဥ်ကို BBC ၏ ပလက်ဖောင်းတစ်ခုခုမှ ပြန်လည်ထုတ်လွှင့်ပြသရန် အစီအစဥ်မရှိကြောင်းလည်း BBC ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
“ဗီဒီယိုဖိုင်ကို တည်းဖြတ်ခဲ့ပုံနဲ့ ပတ်သက်လို့ BBC အနေနဲ့ စိတ်ရင်းအမှန်နဲ့ နောင်တရဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ဒီဟာက အသရေဖျက်မှုဆိုတာကိုတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု BBC က ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို တည်းဖြတ်၍ ပြသခဲ့သော Panorama အစီအစဥ်သည် ကြည့်ရှုသူများကို အထင်အမြင်လွဲမှားစေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဘီဘီစီသတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းခန်းအကြီးအကဲဖြစ်သူ Deborah Turness တို့ မကြာသေးမီက ရာထူးမှ နုတ်ထွက်လိုက်သည်။
Panorama အစီအစဉ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းအပိုင်းနှစ်ပိုင်းကို ပေါင်းစပ်တည်းဖြတ်ခဲ့ထားသည်။
ယင်းကြောင့် ထရမ့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ်တော်အဆောက်အအုံသို့ ဝင်ရောက်စီးနင်းရန် သိသာထင်ရှားစွာ လှုံ့ဆော်ခဲ့ပုံ ပေါက်စေခဲ့ကြောင်း The Telegraph သတင်းတစ်ရပ်က နိုဝင်ဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
BBC အနေဖြင့် Panorama ၏ အဆိုပါအစီအစဉ်ကို ဖြုတ်ချပြီး သမ္မတထရမ့်အား တောင်းပန်ရန်၊ ထိခိုက်နစ်နာမှုများအတွက် သင့်လျော်သော လျော်ကြေးပေးရန် တောင်းဆိုထားသည်။
BBC ဘက်က ယင်းသို့ မဆောင်ရွက်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလျံ တန်ဖိုးရှိ နစ်နာကြေးတောင်းခံသည့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဟု ထရမ့်၏ ရှေ့နေများက ပြောဆိုထားသည်။
Source: Agencies/fs







