တိုက်ပွဲပြင်းထန်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့မှ စစ်အာဏာရှင်တပ်သား နှစ်ဆယ် ဝန်းကျင် လက်နက်နှင့်အတူ ပြည်ပသို့ထွက်ပြေးခဲ့ကြပြီး အချို့မှာ တော်လှန်ရေးတပ်ထံ အညံ့ခံလာကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင် စစ်အာဏာရှင်တပ်သား ၂၀ ဝန်းကျင် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး ထိုင်းစစ်သားများထံ လက်နက်အပ်နေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သော စစ်ရှောင်တစ်ဦးကဆိုသည်။
“ကြက်တွန်ကြီး(နံနက် ၄ နာရီခန့်က) ကားနဲ့လက်နက်တိုက်လာပြီး ထိုင်းစစ်သားနားကို လက်နက်တွေ လာအပ်နေတာ တွေ့ရတယ်။ အင်အားကတော့ ၂၀ ဝန်းကျင်လောက်ရှိတယ်။ နယ်စပ်မှာ ရှောင်နေတဲ့ စစ်ရှောင်တွေနားလာပြီး အပ်နေတာတွေ့ရတယ်”ဟု အထက်ပါ စစ်ရှောင်က ပြောသည်။
တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်များ အားသာနေသဖြင့် စစ်အာဏာရှင်တပ်က လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ ယနေ့ (၁၄ ရက်) နံနက်ပိုင်းမှ စ၍ သတင်းမေးမြန်းသည့် နံနက် ၉ နာရီကျော်အထိ စစ်လေယာဉ်များ ဆက်တိုက်တက်လာနေကြောင်း၊ လက်နက်ကြီးပစ်သံနှင့် လေကြောင်းမှဗုံးကြဲသံများကို ဆက်တိုက်ကြားနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မောတောင်မြို့ရှိ လဝကရုံး၊ မြို့မရဲစခန်း၊ ဂိတ်စခန်းတစ်ခု ဆုံးရှုံးသွားပြီး စစ်အာဏာရှင်တပ်သားများ လက်နက် ၁၉ လက်နှင့် ထိုင်းဘက်သို့ ပြေးသွားကြောင်း စစ်လော်ဘီများကလည်း လူမှုကွန်ယက်တွင် ရေသားနေကြသည်။
ယနေ့ နံနက် ၈ နာရီ ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ထံကိုလည်း စစ်အာဏာရှင်တပ်သား၊ ပျူစောထီးနှင့်ရဲ အချို့ အလံဖြူထောင်၍ အညံ့ခံသွားကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“လက်နက်ချပြီး အလံဖြူထောင်တယ်လို့ သိရတယ်။ တပ်သားအချို့ပဲရှိသေး အားလုံးတော့ မဟုတ်သေးဘူး။ ခုလက်ရှိကတော့ စစ်အာဏာရှင်တပ်က ထိုင်းဘက်ကိုထွက်ပြေးနေသူက များနေပြီ”ဟု အထက်ပါနီးစပ်သူက ပြောသည်။
စစ်အာဏာရှင်တပ်က လေကြောင်းအကူဆက်တိုက်တက်နေပြီး ဗုံးများဆက်တိုက်ကြဲချနေကြောင်း ပေါက်ကွဲသံများကို ထိုင်းဘက်မှ ကြားနေရကြောင်း ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာတစ်ဦးက ဆိုသည်။







