BREAKING
October 18, 2025

ထားဝယ်တွင် ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံး

October 14, 2025

ပုံစာ - သင်္ဘောဆိပ်ရပ်ကွက်

ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်တွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း စစ်မှုထမ်းရန် နေအိမ်၌ ညဘက် ဖမ်းဆီးစုဆောင်းခံရသူ အမျိုးသားတစ်ဦး သေဆုံးသွားကာ အလောင်းလာရောက် ယူဆောင်ရန် မိသားစုထံ အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

သေဆုံးသူသည် အသက် ၃၀ ဝန်းကျင်အရွယ် ကိုရန်နိုင်ဦးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ညဘက် ဖမ်းဆီးသွားပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် အလောင်းကို လာရောက်သယ်ဆောင်ရန် မိသားစုထံ အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရပ်ကွက်နေသူများက ဆိုသည်။

“သေသွားတဲ့ကောင်လေးက တက်တဲ့ရောဂါပုံစံလိုမျိုး ရောဂါအခံတစ်ခုရှိတယ်လို့ သိတယ်။ သေတာကတော့ ဘာကြောင့် သေတယ် မသိဘူး။ တချို့ကလည်း ရောဂါကြောင့်၊ တချို့ကလည်း ရိုက်တာရှိလို့ ပြောကြတယ်။ တိတိကျကျ မပြောနိုင်ကြဘူး” ဟု အဆိုပါရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကိုရန်နိုင်ဦး အဖမ်းခံရသည့် ညတွင်ပင် အခြားရပ်ကွက်များဖြစ်သည့် ဘုမ္မော်၊ ဇရစ်၊ ဒေါင်းငူနှင့် ကရပ်ပြင် ရပ်ကွက်များ တွင် နေအိမ်အချို့၌ ညဘက်ဝင်ရောက်ကာ စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

“စာရင်း အတိအကျနဲ့ လာဆွဲသလိုမျိုးဝင်ဆွဲတယ်။ ဇရစ်ထဲမှာ တစ်ယောက်ပါသွားတယ်။ ကရပ်ပြင်မှာလည်း တစ်အိမ် ဝင်ဆွဲတယ်။ အလုပ်ကိစ္စတစ်ခုနဲ့ အဲဒီညက အိမ်မှာ ရှိမနေလို့ အဲဒီတစ်ယောက်တော့ မပါသွားဘူး။ ဒေါင်းငူ တံငါမှာက တစ်ယောက်ပါသွားတယ်” ဟု ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် ယင်းသို့ နေအိမ်များသို့ ဝင်ရောက်ပြီး စစ်မှုထမ်းစုဆောင်းသည့်အပြင် သပိတ်မျှောပွဲကျင်းပသည့် ကာလအတွင်း၌လည်း မြို့အဝင်အထွက်ဂိတ်များတွင်လည်း လမ်းသွားလမ်းလာ လူငယ်များကို စစ်မှုထမ်းရန် စုဆောင်းခဲ့ သေးသည်။