တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာမှ တကူကျေးရွာအုပ်စုသို့ သွားနိုင်သည့် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်က ဖြတ်သန်းခွင့် ပိတ်လိုက်သဖြင့် ဒေသခံများနှင့် ကျောင်းသားများ သွားလာရန်ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်တွင် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်သားများက ကြိုတင်အသိမပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ဖြတ်သန်းခွင့်ပိတ်လိုက်သဖြင့် ဒေသခံများဈေးဝယ်ထွက်ရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လမ်းကနေ အပြင်ထွက်သူကလည်း ထွက်မရဘူး။ အထဲဝင်သူကလည်း ရွာထဲဝင် မရဘူး။ ခြေ (လျင်) နဲ့လည်း ပေးမသွားဘူး။ ဆိုင်ကယ်လည်း ပေးမဖြတ်ဘူး။ အကုန်ပိတ်ပစ်လိုက်တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
လမ်းသုံးခု ဆုံသည့် ဇဝဲလမ်းဆုံသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး လက်ရှိတွင် အဆိုပါလမ်းဆုံမှ တကူကျေးရွာဘက်သွားသည့်လမ်းကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုလမ်းကို ပိတ်ထားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဇဝဲကျေးရွာရှိ စစ်ကော်မရှင်က ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် တက်ရောက်သင်ယူနေသည့် ဖာနီရွာ၊ လေးမိုင်ရွာ၊ ဒူးကျိုးရွာ၊ ရေခမ်းချောင်းရွာနှင့် ဇဝဲရွာစသည့်ကျေးရွာများက ကျောင်းသူ၊ ကျောင်းသားများကိုလည်း ဖြတ်သန်းခွင့် မပေးတော့ကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်က ဇဝဲရွာလမ်းဆုံကို ပြီးခဲ့သည့်မတ်လတွင် ကုန်ကားများ၊ ဘေးတွဲဆိုင်ကယ်များနှင့် ဈေးသည် ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပိတ်လိုက်ပြီး ယနေ့တွင်မူ ဖြတ်သန်းခွင့် လုံးဝပိတ်လိုက်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ဂိတ်ကို သူတို့ဖွင့်ထားတာ လေးနှစ်ကျော်ပြီ။ အခုက အဲဒီဂိတ်ကို သွားဖြတ်သူမှန်သမျှ ပေးမဖြတ်ဘဲ အကုန် (ပြန်) လွှတ်လိုက်တယ်။ ရွာခံတွေတောင် ပေးမဖြတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါလမ်းဆုံကို မည်သည့်အကြောင်းအရင်းကြောင့် ဖြတ်သန်းခွင့်ပိတ်လိုက်သည်ကို မသိရသေးဘဲ ယနေ့ညနေအထိ ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အောက်တိုဘာလ ၁၃ရက်ညတွင် ဇဝဲကျေးရွာရှိ စစ်အာဏာတပ်သားများက ဇဝဲအနောက်ဘက်မှ ဖာနီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဥယျာဉ်ခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် လူနှင့် နေအိမ် ထိခိုက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ဇဝဲလမ်းဆုံဖြတ်သန်းခွင့်ကို စစ်အာဏာရှင်တပ်က ရက်ရှည်ပိတ်ပင်ကန့်သတ်ခဲ့ဖူးသည်။