မြန်မာနိုင်ငံရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု စင်တာများသို့ အင်တာနက်ဝန်ဆောင်မှုပေးရာတွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းက ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်နေပြီ ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလင်ကန် နှစ်ပါတီပူးပေါင်းကော်မတီတစ်ရပ်က ကြေညာလိုက်သည်။
မြန်မာနိုင်ငံရှိ အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများမှာ ကမ္ဘာတဝှမ်းရှိ ပစ်မှတ်ထားခံရသူများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေသည်ဟုဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများကို နှိမ်နှင်းခဲ့သည့်အချိန်ဝန်းကျင်၌ပင် အဆိုပါ စင်တာများ၏ ခေါင်မိုးများပေါ်တွင် Starlink ဂြိုဟ်တုအင်တာနက်စလောင်း အများအပြား စတင်နေရာယူလာသည်ကို AFP သတင်းဌာနက စုံစမ်းတွေ့ရှိခဲ့သည်။
ယင်းနောက်တွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းအပေါ် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု စတင်လာခြင်း ဖြစ်သည်။
Starlink သည် သုံးလအတွင်းမှာပင် စစ်ဘေးသင့်မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်လာခဲ့ကြောင်း အာရှဒေသဆိုင်ရာ အင်တာနက်မှတ်ပုံတင်အဖွဲ့(Asian regional internet registry − APNIC) ၏ အချက်အလက်များက ဖော်ပြသည်။
အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ စီးပွားရေးဆိုင်ရာ နှစ်ပါတီပူးပေါင်းကော်မတီက အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှု စင်တာများနှင့် Slarlink ၏ ပတ်သက်မှုကို ဇူလိုင်လတွင် စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း ကော်မတီတာဝန်ရှိသူက ဆိုသည်။
အီလွန်မတ်အနေဖြင့် ကော်မတီရှေ့မှောက်တွင် လာရောက်သက်သေခံ ထွက်ဆိုစေနိုင်သည့် အာဏာ အဆိုပါ ကော်မတီတွင် ရှိသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများသို့ အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့နေခြင်းကို ရပ်တန့်ရန် အီလွန်မတ်စ်အား ကွန်ဂရက်လွှတ်တော်ကော်မတီဝင် ဦးဆောင်အမတ်တစ်ဦး ဖြစ်သူ ဒီမိုကရက်တစ်ပါတီမှ Maggie Hassan က တောင်းဆိုထားသည်။
“အွန်လိုင်းငွေလိမ်လည်တဲ့ စာတိုတွေ ၊ ဖုန်းခေါ်ဆိုမှုတွေ ၊ အီးမေးလ်တွေ ပိုများလာတာကို လူအများစုက သတိထားမိကြပေမဲ့ ကမ္ဘာတစ်ဝက်အဝေးက နိုင်ငံဖြတ်ကျော် ဒုစရိုက်သမားတွေက ဒီ Starlink အင်တာနက်ကို အသုံးပြုပြီး ဒီအွန်လိုင်းငွေလိမ်မှုတွေ ကျူးလွန်နေတာကိုတော့ သိချင်မှ သိပါလိမ့်မယ်” ဟု သူမက ပြောသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အမေရိကန် နိုင်ငံသားများသည် အရှေ့တောင်အာရှ လိမ်လည်သူများ၏ ထိပ်တန်းပစ်မှတ်များထဲတွင် ပါဝင်ပြီး ပြီးခဲ့သည့်နှစ်တွင် အဆိုပါ လိမ်လည်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရဟုဆိုသည်။
Source: The Guardian