BREAKING
October 18, 2025

ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်ဖြင့် ဗုံးထပ်ကြဲ၊ နှစ်ဦးဒဏ်ရာရ

October 14, 2025

ထိုင်း-မြန်မာနယ်စပ်တွင် KNU ထိန်းချုပ်ထားသည့် ထီးခီးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်အာဏာရှင် တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ထီးခီးဒေသခံအချို့က ပြောသည်။

ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးကြောင်း ထီးခီးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ဗုံးကြဲ တိုက်ခိုက်မှုတွင် လူနှစ်ဦးဒဏ်ရာရသည်ဟု ကနဦးကြားသိရပြီး မည်သူမည်ဝါဖြစ်သည်ဆိုသည့် အသေးစိတ်အချက်အလက် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချုပ်ထားသည့် ထီးခီးဒေသကို စစ်ကော်မရှင်လက်အောက်ခံ တပ်က အောက်တိုဘာ ၈ ရက်ကစပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်တွင်လည်း ထပ်မံ တိုက်ခိုက်သဖြင့် ယခုလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးရက်အထိ ရှိလာပြီ ဖြစ်သည်။

ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကာစီနိုလောင်းကစားရုံတချို့အပါအဝင် အရပ်သားနေအိမ်နှင့် အလုပ်ရုံ၊ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးကြောင်း ထီးခီးဒေသခံ စစ်ဘေးရှောင်အချို့က ပြောသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထစခန်း၊ မေလ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်း၊ ဇူလိုင်လ ၇ ရက်တွင် သုခစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားသည်။

ထားဝယ်ခရိုင်တွင် ကံပေါက်ဒေသနှင့် ထိစပ်နေသည့် နတ်အိမ်တောင်စခန်းတစ်ခုမှလွဲ၍ ခရိုင် အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်ခုလုံးကို ကရင်အမျိုးသားအစည်းအရုံး-KNU ကထိန်းချုပ်ထားသည်။