အာဖရိကတိုက်မှ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် မဒါဂတ်စကားနိုင်ငံတွင် Gen Z ဆန္ဒပြပွဲများကြောင့် သမ္မတ Andry Rajoelina သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
ယင်းမှာ နီပေါတွင် Gen Z လူငယ် ဆန္ဒပြသူများက အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် အချိန်တစ်လကျော်အတွင်းမှာပင် နောက်ထပ်ပေါ်ပေါက်လာသည့် အလားတူ ဖြစ်ရပ် ဖြစ်သည်။
နိုင်ငံ့စစ်တပ်မှ ယူနစ်များက ဆန္ဒပြ Gen Z လူငယ်များနှင့် ပူးပေါင်းလိုက်ပြီးနောက် တနင်္ဂနွေနေ့တွင် သမ္မတ Andry Rajoelina သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ကြောင်း ပါလီမန်အတိုက်အခံခေါင်းဆောင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သမ္မတရုံး ဝန်ထမ်းတွေကို ဖုန်းဆက်မေးမြန်းခဲ့ရာမှာ သူနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
သမ္မတ လက်ရှိ ရောက်နေသည့် နေရာမှာ မသိရသေးကြောင်း ၎င်းက ဆိုသည်။
ယင်းနှင့် ပတ်သက်၍ သမ္မတရုံးဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။
အောက်တိုဘာလ ၁၃ ရက် ညပိုင်းတွင် သမ္မတ Rajoelina က နိုင်ငံသို့ မိန့်ခွန်းပြောကြားရာတွင် ၎င်းသည် ကိုယ့်အသက်ကိုယ် ကာကွယ်ရန် ပိုမိုလုံခြုံသည့် နေရာတစ်ခုတွင် ရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။
သို့သော် သူ ရောက်ရှိနေသည့် နေရာကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
“မဒါဂတ်စကားနိုင်ငံ ဖျက်ဆီးခံလိုက်ရတာမျိုး ခွင့်ပြုမှာ မဟုတ်ဘူး” ဟုလည်း စိန်ခေါ်သည့် ပုံစံပေါက်ကာ ပြောဆိုခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြသည်။
အဆိုပါ မိန့်ခွန်းပြောကြားပြီးနောက်တွင်လည်း သမ္မတ Andry Rajoelina သည် ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်နေဆဲ ဖြစ်ကြောင်း သံတမန်သတင်းအရင်းအမြစ်တစ်ဦးကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြသည်။
သမ္မတ Andry Rajoelina သည် တနင်္ဂနွေနေ့တွင် ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် မဒါဂတ်စကားနိုင်ငံမှ ပြင်သစ်စစ်လေယာဉ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
သမ္မတ Andry Rajoelina သည် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် သဘောတူညီမှုရထားခဲ့ကြောင်း ပြင်သစ်ရေဒီယို RFI က ဖော်ပြသည်။
မဒါဂတ်စကားနိုင်ငံတွင် ယခုနှစ် စက်တင်ဘာလ ၂၅ ရက်မှစ၍ နိုင်ငံအတွင်း လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်မှုများအပေါ် Gen Z လူငယ်များ၏ ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်လာခဲ့သည်။
ယင်းနောက် မကြာမီမှာပင် ဆန္ဒပြပွဲများသည် အစိုးရ၏ အကျင့်ပျက်ခြစားမှု ၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် အခြေခံပြည်သူ့ဝန်ဆောင်မှုများ မရရှိမှုတို့ကို ဆန့်ကျင်ဆန္ဒပြမှုအပါအဝင် ပိုမိုကျယ်ပြန့်သည့် တောင်းဆိုချက်များဖြင့် လူထုအုံကြွမှုအသွင် ဆောင်လာခဲ့သည်။
ယင်းမှာ မကြာသေးခင်က နီပေါနှင့် မော်ရိုကိုနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် အုပ်စိုးသူလူတန်းစားကို ဖြုတ်ချနိုင်ခဲ့သည့် ဆန္ဒပြပွဲများနှင့် ဆင်တူကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
Source: Reuters