ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒို ရရှိခဲ့ပြီးနောက် သုံးရက်အကြာတွင် နော်ဝေနိုင်ငံ၊ အိုစလိုမြို့ရှိ ဗင်နီဇွဲလားသံရုံးကို ပိတ်သိမ်းလိုက်ကြောင်း အောက်တိုဘာလ ၁၃ ရက်တွင် ဗင်နီဇွဲလားအစိုးရက ကြေညာသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မာချာဒို ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြခြင်း မရှိဘဲ နိုင်ငံခြားရေးလုပ်ငန်းများကို ပြန်လည်စီစဉ်စုစည်းရန် အဆိုပါ သံရုံးကို ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ဆိုသည်။
ဩစတြေးလျရှိ ဗင်နီဇွဲလားသံရုံးကိုပါ ပိတ်ပစ်ခဲ့ပြီး အာဖရိကတိုက်ရှိ ဇင်ဘာဘွေနှင့် ဘူကီနာဖာဆိုနိုင်ငံတို့တွင် သံရုံးများ ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဗိုလ်ကျစိုးမိုးလိုသည့် ဖိအားများ” ကို တိုက်ဖျက်ရာတွင် “မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများ” ဟု ဇင်ဘာဘွေနှင့် ဘူကီနာဖာဆိုနိုင်ငံတို့ကို ဗင်နီဇွဲလားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသုံးနှုန်းသည်။
အော်စလိုမြို့ရှိ ဗင်နီဇွဲလားသံရုံးသည် မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ ပိတ်သိမ်းသွားကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်သည်။
“ဒါဟာ စိတ်မကောင်းစရာပါပဲ။ ကိစ္စတော်တော်များများမှာ ကျွန်မတို့ သဘောထားကွဲလွဲမှုတွေ ရှိပေမယ့် နော်ဝေအနေနဲ့ ဗင်နီဇွဲလားနဲ့ ထိတွေ့ဆွေးနွေးရေးလမ်းကြောင်းကို ဆက်ဖွင့်ထားဖို့ ဆန္ဒရှိပြီး ဒီလမ်းကြောင်းအတိုင်းပဲ ဆက်လုပ်သွားမှာပါ” ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Cecilie Roang က ပြောသည်။
နိုဘယ်ဆုသည် နော်ဝေအစိုးရနှင့် သက်ဆိုင်ခြင်း မရှိကြောင်းလည်း သူမက အလေးပေးပြောဆိုခဲ့သည်။
Source: AFP