ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံက လေ့လာစောင့်ကြည့်သူ စေလွှတ်နိုင်ခြေနည်းဟု မလေးရှားပြော

October 14, 2025

ပုံစာ - မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်။ ဓာတ်ပုံ - Bernama

မြန်မာစစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက လေ့လာစောင့်ကြည့်သူများ စေလွှတ်သွားရန်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အောက်တိုဘာလ ၁၃ ရက်က ပြောဆိုလိုက်သည်။

မလေးရှားအစိုးရက အဆိုပါ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် သဘောတူသည်ဟု မြန်မာစစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

“ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ။ ဒါပေမဲ့ အာဆီယံအနေနဲ့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့ သဘောတူလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

မလေးရှားအစိုးရအနေဖြင့် အဆိုပါ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ကတိပြုခဲ့ကြောင်း မြန်မာစစ်ကော်မရှင် ထိန်းချုပ်ထားသည့် Global New Light of Myanmar သတင်းစာက ပြီးခဲ့သည့်အပတ် သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါသတင်းအရ မလေးရှားအစိုးရအနေဖြင့် မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံနေခြင်း ဟုတ်မဟုတ် ရှင်းလင်းပေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah နှင့် PKR ပါတီ လွှတ်တော်အမတ် Wong Chen တို့က တောင်းဆိုခဲ့သည်။

မြန်မာစစ်ကော်မရှင်၏ ရွေးကောက်ပွဲသို့‌ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရန် သဘောတူခြင်းသည် မိမိပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ထောက်ခံမှုပေးရာ ရောက်မည်ဖြစ်ကြောင်း DAP ပါတီလွှတ်တော်အမတ်ဟောင်း Charles Santiago ကလည်း သတိပေးပြောဆိုခဲ့သည်။

ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ပေးရန် မြန်မာစစ်ကော်မရှင်က ပန်ကြားချက်နှင့် ပတ်သက်၍ အာဆီယံအနေဖြင့် ယခုလ အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Source: Free Malaysia Today