NCA ဆိုတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာ ၁၀ နှစ် တင်းတင်းပြည့်ပါပြီ။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာလည်း နေပြည်တော်မှာလည်း ပွဲသဘင်ကို ဝှဲချီးကျင်းပဖို့ ပြင်ဆင်နေပါတယ်။
ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ စစ်တပ်ရဲ့ သက်တော်ရှည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ကြီးကြပ်နေပါတယ်။
ဒါပေမဲ့ တကယ်ကျတော့ အခုပွဲဟာ ငွေကုန်၊ အချိန်ကုန်၊ အလုပ်ရှုပ်ခံပြီး ပျော်ပျော်ပါးပါးစားသောက်ကြတဲ့ အခမ်းအနားတခုထက် မပိုဘူးဆိုတာကိုတော့ သူတို့တွေ မသိချင်ယောင်ဆောင်ထားကြပါတယ်။
NCA ဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်ကတည်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သတ်လို့ သေခဲ့ပြီးပါပြီ။ ဒါကိုပဲ အလောင်းကို မှန်ခေါင်းသွင်းပြီး အသက်ရှိနေသေးဟန်နဲ့ ထင်ယောင်မှားအောင် ပြနေတာပါ။
NCA ရဲ့နောက်ခံရာဇဝင်ကို ပြန်ပြောင်းအောက်မေ့ အတိုချုပ်ရရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ထိုးခဲ့ကြတာပါ။
ရှစ်ဖွဲ့က လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့တွေဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာလည်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲမှာ အမှတ်ကောင်းရဖို့ ကြိုးစားမှုအဖြစ်လည်း ဝေဖန်ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရကတော့ ရွေးကောက်ပွဲမနိုင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့လည်း စာချုပ်မှာ ပါဝင်လို့ ၁၀ ဖွဲ့ရှိလာပါတယ်။ စာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေထဲမှာ တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး။ ဒါဟာလည်း ဆွေးနွေးဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါသေးတယ်။
NCA ရဲ့ အနှစ်သာရက အစိုးရ၊ လွှတ်တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဆိုပြီး အစုအဖွဲ့ သုံးဖွဲ့၊ ဘက်သုံးဖက် ပါဝင်တဲ့ သဘောတူညီချက်တစ်ခုပါ။ စစ်ခေါင်းဆောင်ဟာ အစိုးရကို ဖယ်ရှားအာဏာသိမ်းခဲ့သလို၊ လွှတ်တော်ကိုလည်း ဖျက်သိမ်းခဲ့တာမို့ မူလ သဘောတူညီချက်ရဲ့ အဓိက ဘက်နှစ်ဖက်ဟာ လက်ရှိမှာ ပျက်စီးပျောက်ကွယ်နေပါပြီ။
စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတစ်စုဟာ သူတို့ကိုယ်သူတို့ ‘အစိုးရ’ ပါလို့ ညွှန်းဆိုကိုင်စွဲထားပေမဲ့ လက်တွေ့မှာ အလုပ်ဖြစ်ဖို့ဆိုရင် အရေးပါတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသိအမှတ်ပြုမှု အနည်းဆုံး လိုအပ်ပါအုံးမယ်။
ဒါတောင်မှ ရွေးကောက်ခံ လွှတ်တော်က မရှိနေတော့ NCA ပါ အချက်တွေအတိုင်း ဥပဒေကြောင်းအရ အကောင်အထည်ဖော်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ နောက်ပြီး အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ညှိနှိုင်းရမယ့် အကူယန္တရားတွေဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) တို့၊ အဆင့်မြင့် ညှိနှိုင်းအစည်းအဝေး (JICM) တို့ စတဲ့ ယန္တရားတွေလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ မလည်ပတ်နိုင်တော့ပါဘူး။
တစ်ခါ NCA ထဲမှာ လက်မှတ်ထိုးခဲ့ကြဖူးတဲ့ KNU၊ CNF၊ ABSDF တို့လို အဖွဲ့တွေဟာလည်း စာချုပ်ဟာ ပျက်ပြယ်ခဲ့ပြီလို့ ပြတ်ပြတ်သားသား ဆိုထားတာပါ။ လက်ရှိနိုင်ငံရဲ့ အခြေအနေဟာ လူတကာသိပြီးတဲ့အတိုင်းပါပဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပွထနေပြီး စစ်ပွဲတွေလည်း မှိုလိုပေါက်နေတာပါ။
ဒါကြောင့် NCA ၏ အဓိကမူဖြစ်တဲ့ ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး’ လုံးဝပျက်ပြားနေချိန်မှာ ကျင်းပတဲ့အခမ်းအနားဆိုတာဟာ ပွဲကြိုက်ခင်တွေအတွက် လူစုပြီး စားသောက်ပျော်ပါးတဲ့ပွဲထက် မပိုဘူးလို့ ဆိုရတာပါ။
အခုကျင်းပမယ့် ၁၀ နှစ်ပြည့်အခမ်းအနားကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်တွေ မတက်ရောက်ကြဖို့ကို NCA လက်မှတ်ထိုးခဲ့ကြတဲ့ ၁၀ ဖွဲ့ထဲက ခြောက်ဖွဲ့ က တရားဝင် တိုက်တွန်းထားပါတယ်။
ဒီအဖွဲ့တွေက KNU, ABSDF, NMSP-AD, CNF, PNLO နဲ့ LDU တို့ပါ။ ဒါက NCA ဟာ မူလလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေအကြားမှာတောင် တရားဝင်မှု မရှိတော့ကြောင်းကို ခိုင်မာစွာ ပြနေတဲ့အပြင် နိုင်ငံတကာကို ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လည်ပတ်နေဆဲ’ လို့ ဟန်ဆောင်ပြသချင်နေတဲ့ စစ်ခေါင်းဆောင်ကိုလည်း တားဆီးလိုက်တာပါ။
စစ်တပ်အနေနဲ့ နိုင်ငံအပေါ်မှာ စိတ်ကောင်းရှိတယ်ဆိုရင် အခုအချိန်မှာ လုပ်သင့်တာက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဗဟိုချက်ဟာ မိမိတို့စစ်တပ်ဖြစ်တယ် ဆိုတာကို ကိုယ့်ဘာသာ ရိုးသားစွာ ဝန်ခံဖို့၊ ရှုမြင်ဖို့၊ သုံးသပ်ကြည့်ဖို့ လိုပါတယ်။
အဲဒီအဆင့်ကို မသွားခင်မှာ နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်နေတာတွေ၊ ထိုးစစ်ဆင်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ လိုပါတယ်။ ပြီးတဲ့အခါ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းသစ်တခု ပေါ်ပေါက်လာဖို့ လမ်းကြောင်းကို ဖော်ဆောင်သင့်တာပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ်လိုချင်တဲ့ငြိမ်းချမ်းရေးပုံစံထက် ငြိမ်းချမ်းရေးက လိုချင်တဲ့ ပုံစံဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြောင်းလဲသင့်တာပါ။
သေဆုံးသွားပြီးဖြစ်တဲ့ NCA ကို မသေသေးသယောင် လက်ကိုင်ပြုပြီး နိုင်ငံရေးပြပွဲ ခင်းကျင်းနေတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နေတာမဟုတ်ဘဲ လေထဲ တိုက်အိမ်ဆောက်နေတာ၊ နိုင်ငံရေးအမြတ်ရှာလိုတာထက် မပိုပါဘူး။
ဒီဟာကို စကားလုံးတစ်ခုနဲ့ ဥပမာပေးဖို့ လိုက်ရှာကြည့်ပါတယ်။ ‘ဧယင်ကျူး’ဆိုတဲ့ စကားလုံးကို ပြေးမြင်မိပါတယ်။ ဘုရင့် သားတော်၊ သမီးတော်ကလေးတွေကို သိပ်တဲ့အခါ ကဗျာဧချင်းတွေ သီဆိုပြီး သိပ်တာ၊ ဘုန်းကြီးတွေ ပျံလွန်တော်မူတဲ့အခါ ဂုဏ်ပုဒ်တွေကို ဖွဲ့ဆိုသီကျူးတာကို ခေါ်တာပါ။ ခြုံပြောရရင် စစ်ခေါင်းဆောင်ရဲ့ ၁၀ နှစ်ပြည့် ပွဲတော်ဟာ ဘုန်းကြီးပျံ ဧယင်ကျူးပွဲလိုမျိုးထက် မပိုဘူးလို့ပဲ ဆိုချင်ပါတယ်။
တချို့ဟာ NCA ရဲ့ ဂုဏ်ပုဒ်တွေကို သီကျူးကြပါလိမ့်ဦးမယ်။ ဘုန်းကြီးပျံပွဲလာ ပရိသတ်တွေလို တချို့ကလည်း ငေးမောကြည့်ရှုကြပါလိမ့်ဦးမယ်။
သံယံ