အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ကြောင့် တနင်္သာရီတိုင်းအတွင်း သေဆုံးသည့်အရပ်သား ၁၅၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ စက်တင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလအထိ ဒီမိုကရေစီ အရေးလှုပ်ရှားသူနှင့် ပြည်သူ ၄၀၇၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သေဆုံးသူများထဲတွင် တနင်္သာရီတိုင်းထဲက ၁၅၅ ဦးပါဝင်ပြီး ယင်းအနက် ၁၀၂ ဦးမှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။ ကျန် ၄၃ ဦး သေဆုံးရသည့်အကြောင်းအရင်း အသေးစိတ်ကိုမူ ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။
နှစ်အလိုက်ဆိုလျှင် ၂၀၂၁ ခုနှစ်တွင် အရပ်သား သေဆုံးရသူ ၅၃ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၇ ဦးနှင့် ၂၀၂၃ ဖေဖော်ဝါရီလမှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၅၅ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။
တစ်နိုင်ငံလုံးတွင် ဖမ်းဆီးခံရသူ ၂၄၇၆၅ ဦးရှိပြီး ယင်းအနက် ငါးထောင်ကျော်မှာ ပြန်လည်လွတ်မြောက်လာကာ နှစ်သောင်းနီးပါးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဆိုသည်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက ၂၀၂၂ ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများပြင်းထန်လာခဲ့သည်။
စစ်ကောင်စီတပ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာစဉ် အရပ်သားပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်ရှိခဲ့သလို တိုက်ပွဲအတွင်းနှင့် တိုက်ပွဲမဖြစ်ဘဲလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာများသို့ ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့်ပြည်သူ သုံးသောင်းခွဲဝန်းကျင် ရှိလာနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။







