BREAKING
October 19, 2025

ယူကရိန်းငြိမ်းချမ်းရေးကို မဟန့်တားရန် ပူတင်ကို ထရမ့်သတိပေး

August 14, 2025

ယူကရိန်းတွင် ငြိမ်းချမ်းရေးမရရှိရန် ပိတ်ဆို့နေလျှင် ပြင်းထန်သည့် နောက်ဆက်တွဲများနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဩဂုတ်လ ၁၃ ရက်နေ့တွင် သတိပေးလိုက်သည်။

ယူကရိန်းသမ္မတဇလန်းစကီးပါ ပါဝင်မည့် ပူတင်နှင့် တွေ့ဆုံပွဲကိုလည်း မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ယူကရိန်းငြိမ်းချမ်းရေးကို ဟန့်တားလျှင် ရုရှား ရင်ဆိုင်ရမည့် နောက်ဆက်တွဲများကို ထရမ့်က တိတိပပ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

သို့သော်ဩဂုတ်လ ၁၅ ရက် သောကြာနေ့တွင် ပြုလုပ်မည့် ထရမ့်နှင့် ပူတင်အကြား ယူကရိန်းအရေး ထိပ်သီးဆွေးနွေးပွဲတွင် ရလဒ်မထွက်ပေါ်လာလျှင် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ကြောင်း ထရမ့်က သတိပေးပြောဆိုခဲ့သည်။

ယူကရိန်းသမ္မတဇလန်းစကီးအပါအဝင် ဥရောပခေါင်းဆောင်များနှင့် သမ္မတထရမ့်တို့အကြား အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်တွင် အဆိုပါ မှတ်ချက်စကားများကို ထရမ့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့ ဆွေးနွေးပွဲအပြီးတွင် ယူကရိန်း၏ နယ်မြေများ စွန့်လွှတ်ရနိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေခဲ့ရာတွင် ထရမ့်၏ အဆိုပါ မှတ်ချက်စကားများကြောင့် ယူကရိန်းအဖို့ မျှော်လင့်ချက်ရှိလာကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

သို့သော် ရုရှားဘက်ကမူ ယူကရိန်းနှင့် ဥရောပ၏ တောင်းဆိုချက်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားဖွယ်ရှိကြောင်းလည်း Reuters က ဖော်ပြသည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှား၏ ရပ်တည်ချက်ကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ထုတ်ပြန်လိုက်ပြီးကတည်းက ယင်းမှာ လက်ရှိအချိန်အထိ ပြောင်းလဲခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားသည်။

သောကြာနေ့ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ယူကရိန်းသမ္မတဇလန်းစကီးပါ ပါဝင်နိုင်မည့် နောက်ဆက်တွဲဆွေးနွေးပွဲပေါ်ပေါက်လာရေးအတွက် ပြင်ဆင်ရန် ဖြစ်ကြောင်းလည်း ထရမ့်က ပြောသည်။

“ပထမဆွေးနွေးပွဲ အဆင်ပြေရင် ကျွန်တော်တို့ နောက်ထပ်ဆွေးနွေးပွဲတစ်ခုကို လျှင်လျှင်မြန်မြန် လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဲဒါကို ချက်ချင်းနီးပါး လုပ်သွားချင်တယ်။ သမ္မတပူတင် ၊ သမ္မတဇလန်းစကီးနဲ့ ကျွန်တော့်အကြားက နောက်ထပ်ဆွေးနွေးပွဲတစ်ခု လျှင်လျှင်မြန်မြန် ကျင်းပချင်တယ်။ တကယ်လို့ အဲဒီ ဆွေးနွေးပွဲမှာ သူတို့က ကျွန်တော့်ကို ဝင်ပါစေချင်တယ်ဆိုရင်ပေါ့လေ” ဟု ထရမ့်က ပြောသည်။

သို့သော် အဆိုပါ နောက်ဆက်တွဲတွေ့ဆုံပွဲ ကျင်းပမည့် ရက်အတိအကျကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Source: Reuters