ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလိန်အောင် ကော့လှိုင်ရွာအနီးတိုက်ပွဲထပ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်၊ ကားသမားတစ်ဦးလည်း ဒဏ်ရာရ

August 14, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ကော့လှိုင်ရွာတွင် သြဂုတ်လ ၁၃ ရက်တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ကလိန်အောင်မြို့ဘက်မှ ထွက်လာသည့် အင်အား တစ်ရာဝန်းကျင်ခန့်ပါသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများအကြား နံနက် ၁၁ နာရီ ဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ယင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က အထိနာသလို တော်လှန်ရေးအင်အားစုဘက်ကလည်း သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“တိုက်ပွဲထဲမှာ ထိခိုက်မှု မရှိဘူး။ လက်နက်ကြီးကျလို့ ဒဏ်ရာရတာပါ။ စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး။ အပိုင် စောင့်ပစ်တာမို့လို့ (စစ်အာဏာရှင်တပ်) သူတို့ဘက်က ထိခိုက်မှုများတယ်” ဟု တော်လှန်ရေးအင်အားစုတွင် ပါဝင်သည့် တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်သည် ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကလိန်အောင်မြို့ဘက်သို့ ပြန်သယ်သွားပြီး ကော့လှိုင်ရွာအနီး စစ်ကြောင်း ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် ယနေ့ သြဂုတ်လ ၁၄ရက် နေ့လယ်ပိုင်းအထိ ပစ်ခတ်မှု ထပ်မဖြစ်သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကော့လှိုင်ရွာအနီး မိုင် ၆၀ ရွာတွင် ကျရောက် ပေါက်ကွဲပြီး ကားသမားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။

တိုက်ပွဲကြောင့် ပိတ်မိကာ ကားအောက်ဆင်းဝပ်နေသည့် ကားသမား၏ လက်မောင်းတွင် ကျည်စထိမှန်ဒဏ်ရာရခြင်းဖြစ်ပြီး အသက်အန္တရာယ်မူ မစိုးရိမ်ရကြောင်း ၎င်းတို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် ဇူလိုင်လနှင့် ယခုသြဂုတ်လအတွင်း နတ်အိမ်တောင်ဒေသရှိ စစ်စခန်းများသို့ စစ်ကူပို့ရန် ခြေလျင် စစ်ကြောင်းဖြင့် သုံးကြိမ်သွားရောက်ခဲ့ပြီး လမ်းပိုင်းတွင်ပင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ၁၀ကြိမ် ဝန်းကျင်ဖြစ်ပြီး ရှေ့ဆက်မတိုးနိုင်သေးကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ နတ်အိမ်တောင် နယ်စပ်စခန်းသည် ထားဝယ်ခရိုင်အတွင်း တော်လှန်ရေးအင်အားစုများ သိမ်းယူရန် နောက်ဆုံးကျန်ရှိနေသည့် နယ်စပ်စခန်းဖြစ်သည်။