BREAKING
October 18, 2025

နတ်အိမ်တောင်လမ်းပိုင်းတွင် ဖမ်းမိသည့် MOGE မှ အင်ဂျင်နီယာကို KNLA ထိန်းသိမ်းထားဟုဆို

August 14, 2025

နတ်အိမ်တောင်စခန်းသွားသည့် လမ်းပိုင်းတွင် စစ်ကော်မရှင်ကို နိုင်ငံခြားငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ အင်ဂျင်နီယာတစ်ဦးကို ဖမ်းမိခဲ့သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၂၇ က ထိန်းသိမ်းထားကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။

ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEP မှကုမ္ပဏီဝန်ထမ်းများနှင့်အတူ လိုက်ပါလာသည့် အင်ဂျင်နီယာ ဦးသိန်းထွန်းကို မိကျောင်းလှောင်နှင့်နတ်အိမ်တောင်သွားသည့်လမ်းတွင်ဩဂုတ်လ ၁၃ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဦးသိန်းထွန်းမှာ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း-MOGE လက်အောက်က အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်ငွေ့တိုင်းတာရေးစခန်းကို တာဝန်အချိန်းအပြောင်း ကိစ္စဖြင့်သွားစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။

“ကျန်တဲ့သူတွေကတော့ သက်သေမျက်မြင်နဲ့ (PTTEP) ဝန်ထမ်းကဒ်ပြား သူတို့ပါထားတာကိုး သူကတစ်ယောက်တည်းပဲ သူများကြားမှာထည့်ထားပြီးတော့ ကူလီဟန်ဆောင်နဲ့ပေါ့ အဖွဲ့အစည်းနဲ့ကျတော့ သူတစ်ယောက်တည်းပဲပါလာတယ်။ လေး၊ငါးဆယ်ယောက်တော့ ပါလာတယ်။ မဆိုင်တဲ့သူတွေကတော့ ပြန်လွတ်ပေးလိုက်တယ်” ဟုစောမှူးဂေက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်စခန်းအနီးတွင် စစ်ကော်မရှင်ကို နိုင်ငံခြားဝင်ငွေ ပမာဏအများအပြား ရှာဖွေပေးနေသည့် ဇောတိက၊ ရတနာ၊ ရဲတံခွန်ဓာတ်ငွေ့ပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့တိုင်းတာရေးစခန်းများရှိသည်။

တနင်္သာရီကမ်းလွန်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၏ ဓာတ်ငွေ့ပိုက်လိုင်း ကြီးကြပ်ရေးရုံးကို ပို့ဆောင်ရသည်။

ယင်းမှတစ်ဆင့် ဇင်းဘာချောင်းတစ်လျောက် ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်မှတစ်ဆင့် ထိုင်းနိုင်ငံကို ပို့ဆောင်နေခြင်းဖြစ်သည်။

သဘာဝဓာတ်ငွေ့လုပ်ကွက်နှင့် ဓာတ်ငွေ့တိုင်းတာရေးစခန်းများကိုMOGE ကခန့်အပ်ထားသည့် အင်ဂျင်နီယာများက စီမံကိန်းဝန်ထမ်းများနှင့်ပူးတွဲကာ သွားရောက်စိစစ်ကြပ်မတ်ခြင်းများ လုပ်ဆောင်ရသည်ဟု သိရသည်။

အင်ဂျင်နီယာ ဦးသိန်းထွန်းမှာ စစ်ကော်မရှင်၏ ထောက်တိုင်ဖြစ်သလို ဂက်စ်ပိုက်လိုင်းနှင့် ဓာတ်ငွေ့တိုင်းတာရေးစခန်းတွင် ရာထူးတာဝန်ရှိသူတစ်ဦးလည်းဖြစ်နေသဖြင့် ခေါ်ယူထိန်းသိမ်းရခြင်းဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။

“အခုကကျွန်တော်တို့လုံးဝ မဖမ်းထားဘူး။ ခေါ်ပြီးတော့ထိန်းသိမ်းထားတာပဲ ဒီလူတွေကိုကျတော့ (တပ်မဟာ ၆) ဗဟိုမှာပဲပြန်ပို့လိုက်မယ် သူတို့အထက်က အရာရှိအချင်းချင်းပဲ လိုအပ်ရင် စကားသွားပြောဖို့ ကျွန်တော်တို့ကတံခါးဖွင့်ထားတယ်။ သူက စစ်ကောင်စီထောက်တိုင် တစ်ယောက်လည်းဖြစ်တယ်။ ဒီဂက်စ်ပိုက်လိုင်းရဲ့ ဝန်ထမ်းတစ်ယောက်လည်းဖြစ်တယ် သူကရာထူးလည်းရှိတယ် တာဝန်လည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ နယ်စပ်စခန်းအားလုံးကို KNU နှင့် PDF ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်လာရာ လက်ရှိတွင် နတ်အိမ်တောင်စခန်းသာ ကျန်တော့သည်။