BREAKING
October 20, 2025

စစ်အာဏာရှင်တပ်က အမျိုသားနှစ်ဦးကို ၁၅ ရက်ကြာဖမ်းထားပြီး ပြန်မလွှတ်သေး

August 14, 2025

ပုံစာ - ပရဒတ်ရွာတွင်းတစ်နေရာ(ပုံဟောင်း)

ရေဖြူမြိုနယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် ဩဂုတ်လ ပထမပတ်မှစ၍ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသည့် ဆယ်ကျော်သက်အရွယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ယနေ့(ဩဂုတ် ၁၄)နံနက်ပိုင်းအထိ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်အာဏာရှင်စစ်ကြောင်းက အသက် ၁၇ နှစ်အရွယ်ရှိ ပရဒတ်ရွာသား မောင်အောင်ဖြိုးဝေဆိုသူကို ဩဂုတ်လ ၂ ရက် နေ့က နေအိမ်တွင်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိန်ကြီးရွာသား ဦးမျိုးပိုင်ဆိုသူကိုလည်း ယင်းစစ်ကြောင်းကပင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

“အောင်ဖြိုးဝေကိုစစ်တပ်က အိပ်နေတုန်း အိမ်ပေါ်ထိတက်ပြီး ဖမ်းသွားတာ အဖမ်းခံရတုန်းက ဖုန်းပါသွားတော့ သူ့ဖုန်းထဲကြည့်ပြီး စစ်ဆေးနေတယ်လို့ ပြန်လွတ်လာသူတွေပြောလို့ သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မောင်အောင်ဖြိုးဝေကို ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်း၌ပင် ယနေ့အထိ ဖမ်းဆီးထားပြီး စစ်ဆေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိန်ကြီးရွာသား ဦးမျိုးပိုင်ကိုမူ ဩဂုတ်လ ၁၁ ရက်နေ့ ၌ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှာ ယင်းစစ်ကြောင်းပြန်ဆုတ်ခွာချိန် စစ်ကြောင်းနှင့်အတူခေါ်လာပြီး လောင်းလုံးမြိုနယ်ရှိ မောင်းမကန်နယ်မြေရဲစခန်း၌ ဆက်လက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ထို့အတူယင်းစစ်ကြောင်းမှ ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းသို့ စစ်ကြောင်းထိုးစဉ် နှစ်ပတ်နီးပါးကြာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပန်းတင်အင်းရွာသား ၁၇ ဦးကိုလည်းကိုလည်း စစ်ကြောင်းပြန်လာချိန် မောင်းမကန်နယ်မြေရဲစခန်းသို့ ခေါ်လာပြီး ပြန်လွှတ်ပေးခဲ့သည်။

ယင်းစစ်ကြောင်းသည် ဩဂုတ်လ ၂ ရက်နေ့တွင်လည်း နဘုလယ်ဒေသခံရှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ယနေ့အထိ ခြောက်ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။