BREAKING
October 19, 2025

ကျွန်းစု ပဲ့တိုင်ရွာရှိ ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ် ဒုတိယအကြိမ်ဝင်တိုက်

August 14, 2025

ပုံစာ - ပဲ့တိုင်ကျေးရွာ တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျွေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာရှိ သိမ်တောင်ကုန်းပေါ်တွင် အထိုင်ချထားသည့် ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ‌) က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၃ရက် ညနေ ၃ နာရီခန့်တွင် အဆိုပါစခန်းကို ကျွန်းစု ပကဖ က ဝင်ရောက်တိုက်ခိုက်ရာ ပဲ့တိုင်ကျေးရွာ အရှေ့ဘက် ပင်လယ်ပြင်ရှိ စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါစခန်းအား ယခုဝင်ရောက်တိုက်ခိုက်မှုက ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၃ ရက်ကလည်း ပထမအကြိမ်‌ အလစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု ပကဖ ထံမှ သိရသည်။

“အရင်တစ်ခါ သွားပစ်တုန်းကလည်း အထိအခိုက်ပဲရှိတယ်။ ပျူစောထီးတွေ ကျ (သေ)ဆုံးတာမျိုးတော့ မရှိဘူး။ ဘန်ကာက သူတို့အတွက် နည်းနည်းလုံခြုံစိတ်ချရတယ်ထင်တယ်။ ဒီတစ်ကြိမ်လည်း အထိအခိုက်ရှိနိုင်တယ်ဗျ။ သေဆုံးတော့ အတည်ပြုရ ခက်မယ်” ဟု ကျွန်းစု ပကဖ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုငါးမန်းက ပြောသည်။

အဆိုပါအထိုင်စခန်းတွင် ပျူစောထီးအဖွဲ့ဝင် ၂၇ ဦး ရှိကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့က တိုက်ခိုက်ရာတွင် ပစ်ခတ်မှုဖြစ်ပွားချိန် တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး ကျွန်းစု ပကဖ ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအနည်းငယ်ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု ရှိ မရှိ နှင့် နေအိမ်ပျက်စီးမှုအခြေအနေများကို မေးမြန်းနိုင်ရန် ပဲ့တိုင်ရွာဒေသခံများကို ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက ပဲ့တိုင်ရွာ အနီးဝန်းကျင်ရှိ ဝန်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်နှင့် ပျူစောထီး များက အင်အားဖြည့်တင်းပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မကြာခဏ စစ်ကြောင်း ထိုးနေကြောင်း ‌ဒေသခံများထံမှ သိရသည်။

လက်ရှိတွင်လည်း စစ်အာဏာရှင်တပ်ဘက်တော်သားများ၏ စစ်ဆေးမှု တင်းကျင်းနေကြောင်း ကျွဲခရံကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောဆိုသည်။

“စစ်သင်္ဘောတွေ ရောပျူစောထီးလှေတွေရော အခုတလော ရွာတွေမှာ လိုက်လှည့်ပြီးစောင့်ကြည့်နေကြတယ်။ ရိက္ခာ သယ်ယူတာတွေလည်း စစ်ဆေးပိတ်ပင်တာတွေ လုပ်တယ်။ ပင်လယ်ပြင်မှာ ညဘက်ငါးဖမ်းရတာတောင် စိတ်မအေးရဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ကျွန်းစုမြို့နယ်အတွင်း အင်အားဖြည့်စစ်ကြောင်းထိုးနေသဖြင့် ဧပြီလ ၅ ရက်ကစပြီး မြစ်ချောင်း အချို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ သွားလာခြင်းမလုပ်ရန် ကျွန်းစု ပကဖ က သတိပေးချက် ထုတ်ပြန်ထားသည်။