ပြီးခဲ့သည့်နှစ်က စတင်သည့် ၁၇ လကြာ ကျောင်းမတက်ဘဲ သပိတ်မှောက်မှုကို ရပ်ဆိုင်းကာ တောင်ကိုရီးယား ဆေးကျောင်းသား ထောင်ပေါင်းများစွာ ကျောင်းပြန်တက်ကြတော့မည် ဖြစ်သည်။
အဆိုပါ သပိတ်မှောက်မှုအတွင်း ပါဝင်ခဲ့ကြသည့် အလုပ်သင်ဆရာဝန်ဦးရေ ၁၂၀၀၀ ဝန်းကျင်အနက် အများစုမှာ အလုပ်ပြန်ဆင်းရန် လက်ရှိအချိန်အထိ ငြင်းဆန်နေကြဆဲ ဖြစ်သည်။
“ကျောင်းသားတွေဘက်က ကျောင်းပြန်တက်ဖို့ သဘောတူလိုက်ပါပြီ” ဟု တောင်ကိုရီးယားဆေးကျောင်းသားများ အစည်းအရုံးဘက်က AFPသတင်းဌာနကို ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဆေးကျောင်းသားများ ကျောင်းပြန်တက်မည့် ရက်စွဲကို ဆေးတက္ကသိုလ်တစ်ခုချင်းစီအလိုက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဆက်လက်သပိတ်မှောက်နေလျှင် နိုင်ငံ့ကျန်းမားရေးစောင့်ရှောက်မှုကဏ္ဍ ပြိုလဲသွားနိုင်သောကြောင့် သပိတ်မှောက် ကာလကို ရပ်ဆိုင်းကာ ကျောင်းပြန်တက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆေးကျောင်းသားများဘက်က ပြောသည်။
သပိတ်မှောက်ပြီးနောက် ကျောင်းပြန်တက်ကြမည့် ဆေးကျောင်းသားဦးရေသည် ၈၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
၎င်းတို့ ကျောင်းပြန်တက်ကြမည့် ရက်စွဲအတိအကျကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဆေးကျောင်းသားများ ကျောင်းပြန်တက်ကြမည့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Kim Min-seok က ထုတ်ဖော်ပြောဆိုခဲ့သည်။ အသစ်တက်လာသည့် သမ္မတအီဂျယ်မြောင်းကလည်း လက်ရှိပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားချင့်ချိန်နေကြောင်း Kim Min-seok က ဆိုသည်။
ပြီးခဲ့သည့်နှစ် အစောပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်က ဆေးတက္ကသိုလ်များ၌ ဝင်ခွင့်လက်ခံနှုန်းကို တိုးမြှင့်ရန် ကြိုးစားခဲ့သည်။
နိုင်ငံအတွင်း သက်ကြီးပိုင်းလူဦးရေ မြင့်တက်လာနေမှုကို ရင်ဆိုင်ရန် ဆရာဝန်အရေအတွက် တိုးမြှင့်ရေး အရေးတကြီး လိုအပ်နေသည်ဟု သမ္မတယွန်းဆွတ်ယိုးလ်က ဆိုသည်။
သမ္မတယွန်းဆွတ်ယိုးလ်၏ အစီအစဉ်သည် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး တောင်ကိုရီးယား ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။
ဆေးတက္ကသိုလ်ကျောင်းသားများ၏ ကျောင်းမတက်ဘဲ သပိတ်မှောက်မှု ၊ အလုပ်သင်ဆရာဝန်များ၏ အလုပ်မဆင်းဘဲ သပိတ်မှောက်မှု ပေါ်ပေါက်လာခဲ့သည်။
ခွဲစိတ်ကုသရေးဝန်ဆောင်မှုများ ရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့အနှံ့ရှိ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
သမ္မတယွန်းဆွတ်ယိုးလ်၏ အစီအစဉ်သည် ၎င်းတို့ သင်ကြားနေရသည့် ဆေးပညာ၏ အရည်အသွေးကို ကျဆင်းစေလိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။
၂၀၂၅ ခုနှစ် မတ်လတွင် တောင်ကိုရီးယားအစိုးရက သမ္မတယွန်းဆွတ်ယိုးလ်၏ အစီအစဉ်ကို လုံးဝဖျက်သိမ်းမည်ဟု ကမ်းလှမ်းခဲ့သည်။
သမ္မတယွန်းဆွတ်ယိုးလ်အား ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကြောင့် ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရက ယင်းသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
Source: AFP ၊ BBC







