BREAKING
November 19, 2025

AI ချစ်သူမိန်းကလေးစက်ရုပ်က ဘာသာစကား ၁၅ မျိုး ပြောနိုင်ပြီ

July 14, 2025

Realbotix ကုမ္ပဏီဟာ ချစ်သူမိန်းကလေးတစ်ယောက်လို ကိုယ့်နံဘေးနားထားရှိနိုင်မယ့် သူတို့ရဲ့ AI နည်းပညာသုံး စက်ရုပ်လူသားကို အဆင့်မြှင့်တင်လိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီ စက်ရုပ်လူသားကို လုပ်ငန်းခွင်တွေမှာ အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေတဲ့အကြောင်း Realbotix ကုမ္ပဏီက အသိပေးထားပါတယ်။

အခုဆိုရင် ဒီစက်ရုပ်လူသားဟာ ဘာသာစကား ၁၅ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်ခဲ့ပြီဖြစ်ပြီး cloud စနစ်ကနေ နောက်ထပ် ဘာသာစကား ၁၄၇ မျိုးကိုပါ အသုံးပြုနိုင်တာကြောင့် စုစုပေါင်း ဘာသာစကား ၁၆၂ မျိုးအထိ ပြောဆိုနိုင်ပြီလို့ ဆိုပါတယ်။

ဒီစက်ရုပ်ကို Girlfriend (ချစ်သူမိန်းကလေး) အဖြစ် အသုံးပြုနိုင်အောင် စီမံပေးထားတယ်လို့ သတင်းဌာနတွေကနေ ဖော်ပြလိုက်ပြီးတဲ့နောက် လူစိတ်ဝင်စားမှုက တဟုန်ထိုး မြင့်တက်သွားပါတယ်။

Realbotix ရဲ့ ဒီစက်ရုပ်လူသားဟာ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်လိမ့်မယ်လို့ Yahoo သတင်းဌာနက ရေးသားထားပါတယ်။

လူသားစက်ရုပ်ကို လူသားတွေနဲ့ ပုံစံချင်းဆင်တူတဲ့ လက်ထောက်တစ်ဦးအဖြစ် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဝန်ထမ်းတွေ၊ ဖောက်သည်တွေနဲ့ လူနာတွေကြားက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိတဲ့အပြင် ချစ်သူမိန်းကလေးအဖြစ်ပါ အသုံးတော်ခံအောင် စီမံပေးထားကြောင်း Realbotix က ထုတ်ပြန်အသိပေးထားပါတယ်။

သဘာဝကျတဲ့ စကားပြောဆိုမှုနဲ့အတူ လှပတဲ့ မျက်နှာအမူအရာသွင်ပြင်တွေနဲ့ စက်ရုပ်လူသားက မေးခွန်းတွေကို ဖြေကြားပေးတာ၊ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပေးတာ၊ စိတ်ခံစားမှုဝေဒနာတွေကို နှစ်သိမ့်ပေးတာတွေပါ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ Realbotix က ထပ်လောင်းပြောကြား ထားပါတယ်။

Source – The Tech News