လာမည့် ၂၀၂၆ ခုနှစ်ကစတင်၍ ကမ္ဘောဒီးယားနိုင်ငံတွင် စစ်မှု မထမ်းမနေရဥပဒေ ကျင့်သုံး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မန်နက်က ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိမြင့်တက်နေသည့် ထိုင်းနိုင်ငံနှင့် တင်းမာမှုက ယင်းသို့ ကျင့်သုံးရခြင်း၏ အကြောင်းအရင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“၂၀၂၆ ခုနှစ်ကစပြီး စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်သွားပါမယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က Kampong Chhnang ပြည်နယ် စစ်သင်တန်းကျောင်းတစ်ခုသို့ ရောက်ရှိနေစဉ်တွင် ပြောကြားခဲ့သည်။
အသက် ၁၈ နှစ်မှ ၃၀ အတွင်း နိုင်ငံသားအားလုံး ၁၈ လတာ မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေကို ကမ္ဘောဒီးယားလွှတ်တော်က ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။
သို့သော် ယင်းဥပဒေကို လက်တွေ့ကျင့်သုံးခဲ့ဖူးခြင်း မရှိခဲ့ပေ။
ကမ္ဘောဒီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံအကြား တင်းမာမှုသည် ယခုနှစ် မေလတွင် နယ်စပ်အငြင်းပွားပြဿနာကြောင့် ပစ်ခတ်မှုဖြစ်ကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ရချိန်ကတည်းက ပိုမိုဆိုးရွားလာနေခဲ့သည်။
“ဒီထိပ်တိုက်ရင်ဆိုင်မှုဟာ ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ပြင်ဆင်စေနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
၂၀၀၆ ခုနှစ်က ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းကာလ ၁၈ လကို ၂၄ လအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ကျွန်တော်တို့ရဲ့ အမျိုးသားကာကွယ်ရေး ၊ ကျွန်တော်တို့ရဲ့ စစ်တပ်ကို တည်ဆောက်တာဟာ သူများနယ်မြေကို ကျူးကျော်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နယ်မြေကို ကာကွယ်ဖို့သာ ဖြစ်တယ်” ဟု ဝန်ကြီးချုပ်ဟွန်မန်နက်က ဆိုသည်။
ကမ္ဘောဒီးယားစစ်တပ်၏ အသုံးစရိတ်ကိုလည်း တိုးမြှင့်ရန် စဉ်းစားနေကြောင်း ၎င်းက ပြောသည်။
Source: AFP