BREAKING
October 20, 2025

နေရပ်ပြန်သော မြန်မာများလိုက်ပါသည့်ကား သစ်ပင်ဝင်တိုက်ပြီး ကိုးဦးဒဏ်ရာရ

July 14, 2025

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်မည့် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့်ကားသည် ကန်ဖမ်းဖက်ခရိုင်တွင် သစ်ပင်ဝင်တိုက်မိသဖြင့် ကိုးဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများ လိုက်ပါလာသော ဗန်ကားသည် ဇူလိုင်လ ၁၃ရက် နံနက် ၇နာရီက ကန်ဖမ်းဖက်ခရိုင် ခလောင်ခလွန်ဒေသအရောက်တွင် ကားမောင်းသူ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဆိုသည်။

ကားတိုက်မှုဖြစ်ချိန်တွင် အများစုမှာ ကားထဲတွင် ပိတ်မိနေကြသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြသည်။

ကားတွင် မြန်မာနိုင်ငံပြန်မည့် အလုပ်သမား ၁၀ ကျော် လိုက်ပါလားပြီး ကိုးဦး ဒဏ်ရာရကာ ၎င်းတို့အနက် တစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားပေါ်တွင် နှစ်လအရွယ်ကလေးငယ်နှင့် မိခင်တို့လည်း လိုက်ပါခဲ့ကြပြီး ၎င်းနှစ်ဦးစလုံးမှာ ဘေးကင်းကြောင်း ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦး ကုသပေးပြီးနောက် ခလောင်ခလွန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို ခွန်ဘူရီ၊ ရယောင်း၊ ဘန်ကောက်မြို့များက ‌တင်ဆောင်လာပြီး ပြည်တွင်းပြန်ရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ထိုင်းကားသမားက ဆိုသည်။

ကားသည် ဘန်ကောက်မှ နံနက် ၁ နာရီခန့်တွင် စတင်ထွက်လာခဲ့ပြီး အခင်းဖြစ်သောနေရာအရောက်တွင် ကားမောင်းနေစဉ် အိပ်ငိုက်သွားသဖြင့် သစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကားသမားက ရဲတပ်ဖွဲ့သို့ ထွက်ဆိုသည်ဟု သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးရာ နေထိုင်ခွင့် အထောက်အထားများ ပြည့်စုံနေသည်ကို တွေ့ရပြီး ကားသမားကို ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

Ref: CH 7, Matichon Online