ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် စခန်းဖြစ်သည့် နတ်အိမ်တောင်သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ စစ်ကြောင်းကို KNU တပ်မဟာ ၄ ပူးပေါင်းမဟာမိတ်အဖွဲ့က သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်း ၏ တပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်းအပါအဝင် လေးဦးသေဆုံးကာ သေနတ်နှစ်လက် သိမ်းဆည်းရမိကြောင်း ဇူလိုင်လ ၁၃ရက် ထုတ်ပြန်ထားသည်။
ရန်ကုန်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းနှင့် နတ်အိမ်တောင်နယ်စပ်ကြား ဂတ်စ်ပိုက်လိုင်း လမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ဇူလိုင်လ ၁၁ ရက်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ကာ ဇူလိုင်လ ၁၂ ရက်တွင် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည် ။
တိုက်ပွဲများအတွင်း မဟာမိတ်တပ်များဘက်ကလည်း ထိခိုက်မှုရှိသော်လည်း စိုးရိမ်ရသည့် ဒဏ်ရာရရှိခြင်း မရှိကြောင်း ပဒိုစောအယ်နားက ပြောဆိုသည် ။
နတ်အိမ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းတွင် စစ်ကောင်စီ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် နှင့် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ကလိန်အောင်တပ်နယ်က ခလရ ၂၇၃ ၊ ခလရ ၂၈၂ ၊ ခမရ ၄၀၈ ၊ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ စသည့် တပ်ရင်း ငါးရင်းက ပါဝင်ကြောင်း KNU ထံမှ သိရသည်။
“နတ်အိမ်တောင်ဒေသမှာ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ စကစဘက်ကတော့ စစ်ကြောင်းထိုးလာတယ် ။ အဲဒီစစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်တာပေါ့နော်။ ကျွန်တော်တို့သုံးသပ်တာ သူတို့က နတ်အိမ်တောင်စခန်းကို အင်အားပြန်ဖြည့်ဖို့အတွက် လာတာပဲဖြစ်မယ်” ဟု ပဒိုအယ်နားက ဆိုသည်။
နတ်အိမ်တောင်ဘက်သို့ စစ်ကြောင်းမထိုးမီ ရက်သတ္တပတ်ကတည်းက စစ်ကောင်စီသည် ဂတ်စ်ပိုက်လိုင်း လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးသည့်ပုံံစံဖြင့် သွားလာလှုပ်ရှားမှုရှိကြောင်း ဂတ်စ်ပိုက်လိုင်း လမ်းကြောင်း စီမံကိန်းဧရိယာရှိ ကလိန်အောင်မြို့နယ်၊ ကော့လှိုင်ရွာသားတစ်ဦးက ပြောဆိုသည်။
“အမှတ် ၈ ကားလမ်းမ အရှေ့ဘက်နဲ့ အနောက်ဘက်ကရွာတွေမှာ စစ်တပ်က အင်အား ၆၀ လောက်နဲ့ တောနင်းနေတာက တစ်ပတ်ကျော်ပြီ။ နတ်အိမ်တောင်ဘက်ကိုက အခုရက်ပိုင်းမှတက်သွားတယ်။ တက်သွားပြီးတဲ့နေ့မှာပဲ တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်လည်း မနေ့ညကအထိ လက်နက်ကြီးပစ်နေသေးတယ်” ဟု ၎င်းက ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် ပြောသည်။
ယခုတိုက်ပွဲ ဖြစ်ခဲ့သည့်နေရာသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ပမာဏအများအပြားရရှိနေသည့် ဇောတိက ၊ ရတနာနှင့် ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ အော်ပရေးရှင်းစင်တာနှင့် ဓာတ်ငွေ့တိုင်းတာရေး စခန်းများအကြားတွင် တည်ရှိသည်။