BREAKING
October 20, 2025

ပုလောတွင် ဒရုန်းဖြင့်ဗုံးချသဖြင့် PDF တစ်ဦးသေဆုံးပြီး ရွာသားတစ်ဦးဒဏ်ရာရ

July 14, 2025

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို ရွာအနီးရောက်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး ရွာသားတစ်ဦး ဒဏ်ရာရကြောင်း တော်လှန်ရေးရဲဘော်များနှင့် ရွာသားများထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်တွင် ရှပ်ပုံရွာ ရွာအလယ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ရဲဘော်တစ်ဦး ဗုံးစထိမှန်သေဆုံးကြောင်း ယင်းတပ်ရင်း၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။

“ဒရုန်းဗုံးကြောင့် ရဲဘော်တစ်ယောက်ကျသွားပါတယ်။ ညနေပိုင်း (ဇူလိုင်လ ၁၂ ရက်) မှာတော့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြ သေးတယ်။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ထိတွေ့ပစ်ခတ်မှုမှာတော့ နှစ်ဖက်ထိခိုက်မှုမရှိဘူး” ဟု ၎င်းကပြောဆိုသည် ။

ဇူလိုင်လ ၁၃ ရက်တွင်လည်း ရှပ်ပုံရွာ အထဲစု (အောက်ဆိပ်) ရပ်ကွက်ဘက်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံ ဗုံးချ တိုက်ခိုက်ခဲ့သဖြင့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ရွာသားများထံမှ သိရသည်။

“အိမ်ထဲမှာ မုတ်ဆိတ်ရိတ်နေတုန်း ဗုံးသီးလာကျတယ်။ အခြားအိမ်တွေလည်း ဗုံးသီးအစ စင်တာမျိုးရှိတယ်။ ဗုံးသီးကျတဲ့ အိမ်မှာ ဒဏ်ရာရတဲ့သူက နောက်ကျောမှာ အရေးပြားတွေ စုတ်သွားတယ်။ အခုတော့ ပုလောဆေးရုံမှာ တင်ထားတယ်” ဟု ရှပ်ပုံရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ရှပ်ပုံရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီ စစ်ကြောင်းဆက်ရှိနေပြီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် ရှပ်ပုံရွာအတွင်း ရွာသားများ အသွားအလာနည်းပါးနေကြောင်း ရွာသားများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

ရှပ်ပုံရွာအနီးတွင် တိုက်ပွဲဖြစ်လျှင် ရွာသားများ တိမ်းရှောင်လေ့ရှိပြီး တိုက်ပွဲ ငြိမ်သွားလျှင် ပြန်လာနေထိုင်လေ့ရှိကြကြောင်း ဒေသခံများထံမှ သိရသည်။