ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးက အနိုင်ရဗိုလ်စွဲသွားပြီးနောက် ကွင်းထဲမှာ ပီအက်စ်ဂျီနည်းပြ အင်းနရစ်၊ ဂိုးသမား ဒွန်နာရမ်မာ၊ နောက်ခံလူ ဟာကီမီနဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ပက်ဒရိုတို့ ထိပ်တိုက်တွေ့ခဲ့ပြီး အခြေအနေတင်းမာကာ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။
ချယ်လ်ဆီး ကစားသမားတွေ အောင်ပွဲခံနေချိန်မှာ ပီအက်စ်ဂျီ ကစားသမားတချို့က ချယ်လ်ဆီးအတွက် တတိယမြောက်အနိုင်ဂိုးသွင်းယူပေးသူ ပက်ဒရိုကို ကွင်းလယ်စည်းအပြင်ဘက်မှာ ဝိုင်းလိုက်ပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ပီအက်စ်ဂျီနည်းပြ အင်းနရစ်၊ ပီအက်စ်ဂျီကစားသမားတွေဖြစ်ကြတဲ့ ဟာကီမီနဲ့ ဒွန်နာရမ်မာတို့က သူတို့နဲ့ထိပ်တိုက်တွေ့တဲ့ ချယ်လ်ဆီးကစားသမား ပက်ဒရိုကို တွန်းထိုးလိုက်ပုံရပါတယ်။
ပက်ဒရို လဲကျသွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ တွန်းထိုးမှုတွေ ဆက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အခြေအနေတွေကို ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။
ပွဲအပြီး ဆုပေးပွဲစင်မြင့်ကို ကွင်းထဲသို့ ရွှေ့နေချိန်မှာလည်း ရုန်းရင်းဆန်ခတ်တွေ ဆက်ဖြစ်နေခဲ့ပြီး အဲ့ဒါကြောင့်ပဲ ဆုပေးပွဲကို ပွဲပြီးဆုံးပြီးတဲ့နောက် မိနစ် ၃၀ ကြာမှသာ စတင်နိုင်ခဲ့ပါတယ်။
ကိုးလ်ပါးလ်မားရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ရသွားခဲ့ပြီး ဒီဗိုလ်လုပွဲမှာ ပါးလ်မားက ဂိုးနှစ်ဂိုးသွင်းယူပေးတဲ့အပြင် ပက်ဒရို သွင်းယူတဲ့ဂိုးကိုလည်း သူကပဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကစားသမား နေးဗက်စ် ဟာ ပွဲကစားချိန် ၈၃ မိနစ်အရောက်မှာ ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လ်လာရဲ့ဆံပင်ကို ဆွဲလိုက်တဲ့အတွက် ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို ပီအက်စ်ဂျီက ၁၀ ယောက်တည်းနဲ့ ကစားသွားခဲ့ရပါတယ်။
Source – ESPN







