BREAKING
October 18, 2025

နတ်အိမ်တောင် နယ်စပ်စခန်းက တပ်ခွဲမှူး KNU ထံ ဘက်ပြောင်း

July 14, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းနှင့် အမြောက်ကုန်းလှုပ်ရှားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်သည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၀) ထံ ဘက်ပြောင်း ခိုလှုံကြောင်း KNU တပ်မဟာ (၄) က ဇူလိုင်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၅၂ (DSA-52) ကျောင်းဆင်း ဗိုလ်ကြီးဇော်ဇော်အောင်သည် လောင်းလုံးမြို့နယ် အခြေစိုက် ခလရ – ၁၀၄ တပ်ရင်းကဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က လက်ရှိကျင့်သုံးနေသောစနစ်နှင့် ဆောင်ရွက်နေသောနည်းလမ်းကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတစ်ယောက်တည်းပဲ၊ ဒါပေမဲ့သူကတော့ တပ်ခွဲမှူးပေါ့နော်၊ ဗိုလ်ကြီးအဆင့် အရေးကြီးတဲ့ လူတစ်ယောက်ဖြစ်တယ်။ လက်နက်ပါမလာဘူး” ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဗိုလ်ကြီးဇော်ဇော်အောင်သည် ဇူလိုင် ၃ ရက်က KNU တပ်မဟာ (၄) ထံ ဘက်ပြောင်းခိုလှုံလာသည့် သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး (ခေါ်) စောမိုးဇက်နှင့် ချိတ်ဆက်ပြီး KNU နှင့်ပူးပေါင်းလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သုခစခန်းတာဝန်ခံဟောင်း ဗိုလ်ကြီးမျိုးဆွေဦးမှာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုကြောင်း ပဒိုစောအယ်နားက ဆိုသည်။