BREAKING
October 18, 2025

ထိုင်းမှာ ပြည်တွင်းဖြစ် ကင်ဆာရောဂါကု ဆေးဝါးသစ်နှစ်မျိုး ထုတ်လုပ်

July 14, 2025

ထိုင်းနိုင်ငံဟာ ပြည်တွင်းဖြစ် ကင်ဆာဆေးဝါးအသစ်တွေဖြစ်တဲ့ ‘HERDARA’ နဲ့ ‘IMCRANIB 100’ တို့ကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်ပါပြီ။

ဒါကြောင့် ကင်ဆာလူနာတွေအတွက် ဆေးဝါးရရှိမှုဟာ သိသိသာသာ တိုးတက်လာတော့မှာဖြစ်ပြီး ဈေးကြီးတဲ့ ပြည်ပသွင်းကုန်တွေအပေါ် မှီခိုမှုကိုလည်း လျှော့ချနိုင်တော့မှာဖြစ်ပါတယ်။

ဒီအောင်မြင်မှုကြီးကတော့ ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို အရမ်းအားပေးတဲ့ တော်ဝင်မင်းသမီး မဟာချူလာဘွန်ရဲ့ ကြိုးပမ်းမှုတွေကနေ ပေါ်ထွက်လာတဲ့ အသီးအပွင့်တွေပါပဲ။

ဘာတွေကောင်းလာစေမလဲ

ထိုင်းနိုင်ငံဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ပြည်တွင်းဖြစ် ကင်ဆာဆေးဝါးနှစ်မျိုးကို ထုတ်လုပ်လိုက်နိုင်တာကြောင့် ဈေးကြီးတဲ့ ပြည်ပသွင်းကုန် လိုအပ်ချက်တွေကို တော်တော်လေး လျှော့ချလာနိုင်တော့မှာဖြစ်ပြီး တစ်နိုင်ငံလုံးက လူနာတွေအတွက် ကင်ဆာကိုကုသနိုင်ဖို့ အခွင့်အလမ်းတွေ ပိုများလာတော့မှာပဲဖြစ်ပါတယ်။

ပြည်တွင်းမှာ ကင်ဆာဆေးဝါးတွေ ထုတ်လုပ်နိုင်တာက လူနာတွေကို ဆေးဝါးရရှိဖို့ ပိုမိုလွယ်ကူလာစေတော့မှာဖြစ်ပြီး ဒီအထူးပြုဆေးဝါးတွေက ပုံမှန်အားဖြင့် ဈေးနှုန်းတွေ အဆမတန် မြင့်မားတတ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ထိုင်းနိုင်ငံမှာ အခု ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ‘Trastuzumab’ လို ဆေးမျိုးကို ပြည်ပကနေ တင်သွင်းရင် မူရင်းဆေးတစ်လုံးကို ကုသမှုတစ်ကြိမ်အတွက် ဘတ် ၁ သန်း (ကျပ်သိန်း ၁၃၀၀ ကျော်) လောက် ကုန်ကျနိုင်ပြီး ထိုးဆေးတစ်ကြိမ်ကိုတောင် ဘတ် ၁ သိန်း (ကျပ်သိန်း ၁၃၀ ကျော်) လောက် ပေးရပါတယ်။

‘Gold Card’ လို့ခေါ်တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်က တချို့ကုန်ကျစရိတ်တွေကို အထောက်အပံ့ပေးနိုင်ပေမဲ့ တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိနေတတ်ပါတယ်။

ပစ်မှတ်ထား ကုထုံးရဲ့ ထူးခြားချက်

အခုထုတ်လုပ်လိုက်နိုင်တဲ့ ကုထုံးဆေးဝါးတွေကို “ပစ်မှတ်ထား ကုထုံးဆေးဝါး”လို့ ခေါ်ဆိုသမုတ်ထားပါတယ်။

ပစ်မှတ်ထား ကုထုံးဆေးဝါးတွေက ကင်ဆာဆဲလ်တွေကို တိတိကျကျ တိုက်ခိုက်ပြီး ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ပျက်စီးအောင် လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ ပညာရှင်တွေက အသိပေးထားပါတယ်။

ကောင်းမွန်ကျန်းမာတဲ့ ဆဲလ်တွေကိုတော့ ဒီပစ်မှတ်ထား ကုထုံးဆေးဝါးတွေက ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပါတယ်။

အခုချဉ်းကပ်မှုပုံစံသစ်က ဓာတုကုထုံး (Chemotherapy) လိုမျိုး ရိုးရာကုသမှုတွေမှာ ဖြစ်ပေါ်တတ်လေ့ရှိတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ် မူတည်ကာ ကုသမှုအစီအစဉ်တွေကို မြန်မြန်ဆန်ဆန် ချိန်ညှိနိုင်စေပါတယ်။

မင်းသမီးချူလာဘွန်ရဲ့မျှော်မှန်းချက်

မင်းသမီး ချူလာဘွန်ဟာ ထိုင်းနိုင်ငံရဲ့ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေး တိုးတက်မှုကို အမြဲတစေ ဦးစားပေးပြီး ပြည်သူ့ကျန်းမာရေးအပေါ် အမြင်ကျယ်ကျယ် ချဉ်းကပ်လေ့ရှိပါတယ်။

ဈေးကြီးတဲ့ ဇီဝဆေးဝါးတွေကို သာမန်ပြည်သူတွေ ဝယ်ယူသုံးစွဲရာမှာကြုံတွေ့ရတဲ့ ကြီးမားတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးနဲ့ အခက်အခဲတွေကို မင်းသမီးက သဘောပေါက်နားလည်ခဲ့လို့ ပြည်တွင်း ဇီဝဆေးဝါး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်မြစ်ချခဲ့ပြီး စတင်ဆောင်ရွက်ခဲ့တာပါ။

ဒီအတွက် “ဇီဝဆေးဝါး သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ” ကို တည်ထောင်ခဲ့ပြီး ချူလာဘွန် သုတေသနအဖွဲ့အစည်းက သုတေသီတွေဟာ လူနာတွေ ထိထိရောက်ရောက် အသုံးပြုနိုင်စေဖို့အတွက် တင်းကျပ်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဇီဝဆေးဝါးတွေကို ရှေ့ဆောင်တီထွင် ထုတ်လုပ်ဖို့ တာဝန်ယူခဲ့ကြပါတယ်။

အခုလိုဆောင်ရွက်ချက်က ဆေးဝါးထုတ်လုပ်ရေးမှာ နိုင်ငံရဲ့ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းကိုမြှင့်တင်ပေးရုံသာမကဘဲ ဆေးဝါးဖူလုံမှုကိုလည်း အားဖြည့်ပေးခဲ့ပြီး နိုင်ငံခြားငွေ အမြောက်အမြား ယိုစီးမှုကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အောင်မြင်မှု မှတ်တိုင်သစ်များ

အခုနောက်ဆုံးမှာတော့ ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်က ထိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဟာ ‘HERDARA’ ဆေးဝါးကို မှတ်ပုံတင်ခွင့်ပြုလိုက်ပါပြီ။

ပြည်တွင်း ဇီဝဗေဒ သုတေသနကနေ တီထွင်ခဲ့တဲ့ ဒီဆေးဝါးဟာ ‘Trastuzumab’ နဲ့ ဆင်တူပြီး ဒီဆေးဝါးကို ရင်သားကင်ဆာနဲ့ အခြားကင်ဆာအမျိုးမျိုးကို ကုသရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အထူးခြားဆုံးကတော့ ဒါဟာ နိုင်ငံခြားနည်းပညာလွှဲပြောင်းမှုအပေါ် မှီခိုခြင်းမရှိဘဲ ထိုင်းနိုင်ငံက ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်ခဲ့တဲ့ ကင်ဆာရောဂါကု ဇီဝဆေးဝါး ဖြစ်တယ်ဆိုတာပါပဲ။

အလားတူပဲ ‘IMCRANIB 100’ ကိုလည်း နာတာရှည် သွေးကင်ဆာ (CML)၊ ဖီလာဒဲလ်ဖီးယား ခရိုမိုဆုန်းမှာဖြစ်ပေါ်တတ်တဲ့ ပြင်းထန် သွေးကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း အကျိတ် (GIST) နဲ့ အရေပြားအကျိတ် (dermatofibrosarcoma protuberans – DFSP) အပါအဝင် ကင်ဆာအမျိုးမျိုးအတွက် တီထွင်ထုတ်လုပ်ထားပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပြီဖြစ်ပါတယ်။

မှီငြမ်း – The Nation သတင်းဌာန၏ Thailand Produces Two Cancer Drugs, Bolstered by Princess Chulabhorn’s Vision