ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ယနေ့ ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းက ဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများ နှင့် ရွှေအဏ္ဏဝါပရဟိတအသင်းတို့ထံမှ သိရသည် ။
သေဆုံးသူသည် ကော့သောင်းဒေသခံ မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားဖြစ်ပြီး ရုံးအတွင်း မိသားစုနှင့်အတူနေသူဖြစ်ကြောင်း ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ရွှေအဏ္ဏဝါပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။
” မိသားစုက တွေ့တာတော့ (နံနက်အစောပိုင်း) နှစ်နာရီခွဲလောက်ပေါ့။ ကျွန်တော်ဆီ ဆက်သွယ်လို့ သွားကူညီပေးတာက သုံးနာရီထိုးလောက်ရှိပြီ။ သေတဲ့လူက ကော့သောင်းမှာ တာဝါတိုင် ဝန်ထမ်းအဖြစ်လုပ်နေတာ ၆ နှစ်လောက်ရှိပြီ” ဟု ၎င်းက ပြောဆိုသည် ။
ကြိုးဆွဲချသေဆုံးသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။
သေဆုံးသူ၏ ရုပ်အလောင်းကို ကော့သောင်းဆေးရုံ ရင်ခွဲရုံသို့ ရွှေအဏ္ဏဝါ ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
ဇွန်လ ၉ ရက်ကလည်း မြိတ်မြို့ တံတားတစ်စင်းတွင် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး ခဲ့သေးသည်။