မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန် ၈ ရက်မှ ၁၄ ရက်အထိ
ငလျင်ကြောင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဆုံးရှုံး၊ မြန်မာ့စီးပွားရေးလည်းကျမယ်

ငလျင်ကြောင့် မြန်မာ့စီးပွားရေး ၂ဒသမ ၅ရာခိုင်နှုန်းကျော် ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ငလျင်ကြောင့် အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိတယ်လို့ ခန့်မှန်း ထားပြီး အဲဒီပမာဏဟာ နိုင်ငံဂျီတီပီရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ညီပါတယ်။ ငလျင်ဘေးကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်း တွေနဲ့ နေပြည်တော်တို့က လူ ၁၇ သန်းကို ထိခိုက်စေခဲ့ပြီး လူ ကိုးသန်း လောက်ကတော့ အတိဒုက္ခရောက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေလဲနှုန်း ကန့်သတ်မှုတွေကြောင့် မြန်မာ့စီးပွားရေး စိန်ခေါ်မှုကြီးမားနေချိန် ငလျင်ဘေးကြောင့် ပိုမိုဆိုးရွားသွားစေတယ်လို့ ဖော်ပြပါတယ်။ ငလျင်ကြောင့် အခုဘဏ္ဍာနှစ်မှာ ကုန်ထုတ်လုပ်မှု ပမာဏ အမေရိကန်ဒေါ်လာ နှစ် ဘီလီယံ လျော့နည်းမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ငလျင်မတိုင်ခင်က မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲနွမ်းပါးနေပြီး ငလျင်ကြောင့် နောက်ထပ် သုံးရာခိုင်နှုန်းနီးပါး ထပ်တိုးလာမယ်လို့လည်း ဆိုပါတယ်။
……………………………………..
ပုလဲမှာ ပစ်ကူလာတဲ့ တိုက်လေယာဉ်တစ်စင်း ပျက်စီး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောဆိုပြီး စစ်ကောင်စီဘက်ကတော့ စက်ချို့ယွင်းပျက်ကျတာလို့ ငြင်းချက် ထုတ်ထားပါတယ်။
ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို လေကြောင်းပစ်ကူလာတဲ့ ဂျက်တိုက်လေယာဉ်တစ်စင်း ကို ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဖြစ်စဉ်ဖြစ်ပြီးချင်းမှာ လေယာဉ်ပျက်စီး မီးလောင်တဲ့ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းမာပင်ခရိုင် ပကဖကလည်း PDF နဲ့ ပကဖတွေ ပစ်ခတ်ရာကနေ ပျက်ကျတာလို့ ဆိုထားပါတယ်။
တော်လှန်ရေးအင်အားစုတချို့ကတော့ လေယာဉ် အနိမ့်ပျံသန်းဗုံးကြဲပြီးအတက်မှာ ပွိင့်ဖိုက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပြီး PLA အထွေထွေအတွင်းရေးမှူးကတော့ ပစ်ခတ်ခဲ့တဲ့ လက်နက်အမျိုးအစားကို လုံခြုံရေးအခြေအနေအရ ထုတ်ပြောဖို့ အဆင်မပြေဘူးလို့ ဆိုထားပါတယ်။
စစ်ကောင်စီကတော့ တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေတဲ့အချိန် ရုတ်တရက်စက်ချို့ယွင်းပြီး ပျက်ကျ မီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့မေလက ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ရဟတ်ယာဉ် ပျက်ချခံရတဲ့ ဖြစ်စဉ်မှာလည်း စက်ချို့ယွင်းပျက်ကျတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။
တိုက်လေယာဉ်ဟာ ပုလဲမြို့နယ်၊ စပါးစေ့ရွာ ဘုန်းကြီးကျောင်းထဲ ထိုးကျကာ မီးလောင်ပျက်စီးခဲ့ပြီး မြေပြင်မှာရှိတဲ့ အရပ်သား လေးဦးသေဆုံးခဲ့သလို အဲဒီနေ့ ညနေပိုင်းမှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး ထပ်မံ သေဆုံးတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ တိုက်လေယာဉ် ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နိုင်တာကြောင့် သတိထားကြဖို့လည်း တိုက်တွန်းမှုတွေ ရှိပါတယ်။
စစ်လက်နက်ရေးရာကျွမ်းကျင်သူတွေကတော့ အဲဒီဂျက်တိုက်လေယာဉ်ဟာ တရုတ်ထုတ် F7 ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ F7 တွေဟာ မကြာခဏပျက်ကျလေ့ရှိတယ်လို့လည်း မှတ်တမ်းတွေအရ တွေ့ရပါတယ်။
……………………………………..
ကိုယ်ထူကိုယ်ထကျောင်းကို ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို ကလပ်စတာ (Cluster) ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ MDSI လို့ အတိုကောက်ခေါ်တဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့တို့က ထုတ်ပြန်ထားကြပါတယ်။
ဇွန်လ ၉ရက် မွန်းလွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့တိုက်ခိုက်တာကြောင့် ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာမှာ စာသင်ကျောင်း ဖွင့်ထားတဲ့ နေအိမ်မှာ ဗုံးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်အောက် ကျောင်းသားလေး သုံးဦး၊ ဆရာမတစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပါတယ်။
ကလပ်စတာ (Cluster) ဆိုတာ ဖျက်အားပြင်းပြီး ဆင့်ပွားပေါက်ကွဲတတ်တဲ့တာကြောင့် နိုင်ငံတကာမှာ အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဗုံးအမျိုးအစားဖြစ်ပါတယ်။ ဗုံးကြဲခံရတဲ့ ဧရိယာတစ်ဝိုက်မှာ ကျန်ရစ်ခဲ့တဲ့ ဗုံးခွံ အစိတ်အပိုင်းတွေဟာ စစ်ကောင်စီ ကပစ ၂၁ က ထုတ်လုပ်တဲ့ MAB 26 C 6 Cluster ဗုံးအမျိုးအစား ဖြစ်တယ်လို့ MDSI က ဆိုပါတယ်။ MDSI ဟာ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ သုတေသနအဖွဲ့ဖြစ်ပါတယ်။
NUG ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ ကလပ်စတာဗုံးအပြင် ပေါင်းသုံးရာဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့ပြီး အရပ်သား ငါးဦး သေဆုံးတဲ့အပြင် ၂၂ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ကလပ်စတာဗုံးတွေ အသုံးပြုနေတာကို သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ ကလပ်စတာဗုံး အသုံးပြုတာတွေကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့ CMC က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အခုသီတင်းပတ်အတွင်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ တိုက်နယ်ဆေးရုံကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာလည်း ကျေးရွာနှစ်ရွာ ဗုံးကြဲခံရလို့ ဒေသခံ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
……………………………………..
ဝက်လက် ပအဖဂိတ် အခွန်ကောက်တာများလို့ ဆန္ဒပြခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ NUG လက်အောက်က ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ရဲ့ ဂိတ်တစ်ခုဟာ အခွန်ကောက်ယူတာ များလွန်းတာဆိုပြီး ဆန္ဒပြခံရပါတယ်။
ဝက်လက်-ရွှေဘိုလမ်းမှာရှိတဲ့ ဗိုလ်ရိုင်ဂိတ်က အခွန်ကောက်ယူတာ များလွန်းတာကြောင့် အခွန်နှုန်းထားလျှော့ပေးဖို့ ဇွန်လ ၁၁ကနေ စတင်ပြီး ဝက်လက်အရှေ့ခြမ်း ဝက်လက်-ရှိန်းမကားလမ်း၊ ဝက်လက်-ပေါက်ကံလမ်းတွေမှာ ကားသမားတွေဟာ ကားအစီးရေရာချီနဲ့ သုံးရက်ဆက် ဆန္ဒပြကြတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
စက်သုံးဆီ တစ်ပီပါကို ကျပ်တစ်သောင်းခွဲအထိ ကောက်ခံပြီး ဒေသခံတွေကတော့ ငါးထောင်ပဲ ပေးလိုကြတာပါ။ တခြား ကုန်ပစ္စည်းတွေကိုလည်း အခွန်ကောက်ခံတာများလွန်းတာကြောင့် ဒေသခံတွေအတွက် အဆင်မပြေဘူးလို့ ဆိုကြပါတယ်။ ဇွန်လ ၁၃ ရက်ထိတော့ နှစ်ဖက်ကြား ညှိနှိုင်းနေကြပေမယ့် ပြေလည်မှု မရသေးဘူးလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
……………………………………..