BREAKING
June 14, 2025

စစ်ကောင်စီတပ် လက်နက်ကြီးပစ်သဖြင့် တနင်္သာရီတွင် ရွာနှစ်ရွာကဒေသခံများ ထွက်ပြေး

June 14, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းနှင့် အနီးတဝိုက်ရှိ ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။

ဇွန်လ ၁၃ရက် ည ၁၀နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်က ၁၂၀ မမလက်နက်ကြီး ၁၀ချက်ကျော် ညောင်ပင်ကွင်းနှင့် ထုံမခါရွာဘက်ကို ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ခမရ ၅၆၁ တပ်ရင်းသည့် စစ်ကောင်စီ၏ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။

“မနေ့က (ဇွန်၁၂ရက်) အင်အားတစ်ရာကျော် ၅၆၁ တပ်ကို အင်အားလာဖြည့်လိုက်တယ်။ ပြီးတော့ တိုက်ပွဲလည်း မဖြစ်ဘဲ ညဘက်မှာ လက်နက်ကြီး ရမ်းသမ်းထုတာပဲ” ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနှင့် ထုံမခါရွာရှိ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုံမခါရွာနေ အသက်၃၀နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“လက်နက်ကြီးပစ်ပြီး လင်း (မိုးလင်းတာ) နဲ့ စရွှေ့ကြတယ်။ ရွှေ့နေတုန်းလည်း လက်နက်ကြီးပစ်နေတာပဲ။ ရွာသားတွေတော့ ထိခိုက်မှုမရှိဘူး။ ရွာထဲမှာတော့ လူနည်းနည်းပဲကျန်ပြီ” ဟု ၎င်းက ပြောသည်။

ထုံမခါရွာမှာ ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် လူဦးရေတစ်သောင်းကျော်ရှိသည်။

အဆိုပါဒေသခံများမှာ နီးစပ်ရာတောတောင်၊ ဥယျာဥ်ခြံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ဆိုသည်။

မေလ ၇ ရက်နေ့ကလည်း ညောင်ပင်ကွင်းရွာအတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းက စစ်ကောင်စီ တပ်သားများကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ထိုသို့တိုက်ပွဲဖြစ်ချိန်ကလည်း ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းတွင် ရွာအတွင်းပြန်လည် ဝင်ရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ယနေ့ ဇွန်လ၁၄ရက် နံနက်၁၀နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ ခမရ ၅၆၁တပ်က လက်နက်ကြီး ပစ်ခတ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။