နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှုများ ဇွန်လ ၁၃ရက်က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးနှင့် အီရန် နှစ်ဘက်စလုံးက ပြောဆိုသည်။
ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် အစ္စရေးက အီရန်သို့ စတင်တိုက်ခိုက်လိုက်ပြီးနောက် နှစ်နိုင်ငံအကြား အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ညတွင်းချင်း ပေါ်ပေါက်လာခဲ့သည်။
ဇွန်လ ၁၃ရက် ညအချိန်တွင် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ ၊ ဂျေရုဆလင်မြို့နှင့် အီရန်နိုင်ငံ တီဟီရန်မြို့တို့တွင် ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။
သောကြာနေ့ညတွင် အီရန်ဘက်က ပစ်ခတ်လာသည့် ပဲ့ထိန်းဒုံးကျည်များက အစ္စရေးနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို ထိမှန်ခဲ့သည်။
အစ္စရေးနိုင်ငံထဲတွင် ပြည်သူများ အကာအကွယ်ယူကြရန် သတိပေးဥဩသံ အကြိမ်ရေ အတော်များများ ထွက်ပေါ်လာခဲ့သည်။
အီရန်၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရကြောင်း အစ္စရေးဘက်က ဆိုသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၇၈ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး လူ ၃၂၀ ဦး ထိခိုက်ဒဏ်ရာရကာ ထိခိုက်ဒဏ်ရာရသူ အများစုမှာ အရပ်သားများ ဖြစ်ကြောင်း ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က ဆိုသည်။
သောကြာနေ့ည အပြန်အလှန်တိုက်ခိုက်မှုများတွင် အီရန်နိုင်ငံ တီဟီရန်မြို့က ဒါဇင်နှင့်ချီသည့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်က ဆိုသည်။
အီရန်မြို့တော် တီဟီရန်က နောက်ထပ်ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ရန် အသင့်ရှိကြောင်းလည်း အစ္စရေးစစ်တပ်က ဆိုသည်။
အီရန်ဘက်ကလည်း အစ္စရေးအပေါ် ၎င်းတို့၏ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုပြီး သောကြာနေ့ည တိုက်ခိုက်မှုများဖြင့်သာ အဆုံးသတ်သွားမည် မဟုတ်ဟု ဆိုသည်။
သောကြာနေ့ နံနက်အစောပိုင်းတွင် အစ္စရေးက အီရန်နိုင်ငံထဲသို့ လက်ဦးမှုယူ စတင်တိုက်ခိုက်လိုက်ပြီးနောက် နှစ်နိုင်ငံအကြား ပြင်းပြင်းထန်ထန် အပြန်အလှန်တိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
သောကြာနေ့ နံနက်အစောပိုင်းတွင် အစ္စရေးက ၎င်း၏ Rising Lion စစ်ဆင်ရေးအစိတ်အပိုင်းအနေဖြင့် အီရန်၏ အဏုမြူ လက်နက်စီမံကိန်းအဆောက်အအုံများ ၊ စစ်စခန်းများ အပါအဝင် ပစ်မှတ်တည်နေရာ ဒါဇင်နှင့်ချီ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းစစ်ဗိုလ်များနှင့် အဏုမြူသိပ္ပံပညာရှင် ၆ ဦး သေဆုံးခဲ့သည်။
အီရန် တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ Hossein Salami သေဆုံးကြောင်း အီရန်သတင်းဌာနများတွင် ဖော်ပြထားသည်။
အစ္စရေးက စတင်တိုက်ခိုက်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အီရန်ဘက်က အစ္စရေးသို့ ဦးတည်၍ ဒရုန်းအစီးရေ ၁၀၀ ကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု မြင့်တက်လာနေကာ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများ ပိုမိုတင်းမာလာတော့မည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
Source: BBC ၊ Middle East Eye