BREAKING
June 14, 2025

လောင်းလုံးတွင် စစ်ရေးတင်မာလာပြန်သဖြင့် ဒေသခံများ ထပ်မံထွက်ပြေး

June 14, 2025

စစ်ကောင်စီတပ်က စစ်ကြောင်းလှုပ်ရှားမှုရှိလာသဖြင့် လောင်းလုံးမြို့အနီးတွင် တစ်ကျော့ပြန် စစ်ရေးတင်မာလာပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယနေ့ နံနက် ၃ နာရီအချိန်တွင် စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာဖက်ကို ဦးတည်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ကျွန်မတို့ မနက် ၄ နာရီလောက်ကတည်းက ထပြေးနေရတာရှင်” ဟု ထွက်ပြေးနေရသည့် စစ်ပြဲကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။

နံနက် ၈ နာရီခန့်တွင်မူ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် စတင်ပစ်ခတ်လာခဲ့ကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး ရှေ့ဆက်တိုးလာနေသဖြင့် စစ်ပြဲ၊ ညင်းမော်၊ ပြင်းထိန် စသည့်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“လက်နက်ကြီးက ကိုယ့်နားမှာလာကျနေသလိုမျိူးပဲ ကြားနေရတာဆိုတော့ အိမ်မှာ မနေရဲတော့ဘူး” ဟု စစ်ပြဲဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၂ ရက်ကလည်း ထားဝယ်မြစ်ရှိစစ်သင်္ဘောပေါ်မှ ကညုံကျွန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုလာသဖြင့် ဒေသခံများထွက်ပြေးခဲ့ရသေးသည်။

ကညုံကျွန်းရွာနှင့် ယနေ့ထွက်ပြေးနေရသည့်ကျေးရွာများမှာ ရွာချင်းထိစပ်လျက်ရှိကြသည်။

မေလ ၃၀ ရက်ကလည်း လောင်းလုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၇ ရွာက ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရသည်။

ယင်းနောက်ပိုင်း စစ်ရေးအခြေအနေ အနည်းငယ်တည်ငြိမ်လာသဖြင့် နေရပ်ပြန်နေကြချိန် ယခု‌တစ်ကျော့ပြန် စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

လက်ရှိမှာ လယ်သမားများ လယ်ယာလုပ်ငန်းခွင်‌ဝင်နေချိန်ဖြစ်ပြီး ယခုစစ်ရေးတင်းမာလာသဖြင့် လယ်သမားအချို့မှာ လယ်မလုပ်နိုင်ဘဲ ထွက်ပြေးနေကြရသည်။