တနင်္သာရီ၊ ကရင်နှင့်ရှမ်း စသည့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ဒေသသုံးခုတွင် မြွေမျိုးစိတ်အသစ် တစ်ခုကို တွေ့ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု မြွေများအကြောင်း သုတေသနပြုလုပ်နေသည့် Snakes of Myanmar အဖွဲ့မှ ဇွန်လ ၁၀ ရက်က ၎င်းတို့၏ လေ့လာချက်မှတ်တမ်းကို ထုတ်ပြန်သည်။
မှတ်တမ်းတင်နိုင်ခဲ့သည့် မြွေမျိုးစိတ်သစ်သည် လာအိုမြွေဝံပုလွေ အမျိုးအစားဖြစ်ကြောင်း ယင်းမှတ်တမ်းတွင်ဖော်ပြသည်။
” အခုမျိုးစိတ်က လုံးဝမရှိတဲ့ မျိုးစိတ်အသစ်ကို တွေ့တာမဟုတ်ဘူး။ အရင်ရှိပြီးသားမျိုးစိတ်၊ တခြားနိုင်ငံတွေမှာ ရှိပြီးသားမျိုးစိတ်၊ မြန်မာနိုင်ငံ မှာ အရင်မရှိသေးဘူး။ အခုမှ မြန်မာနိုင်ငံ မှာ မှတ်တမ်းရှိတယ် ဆိုပြီး ချပြနိုင်တာဖြစ်တယ်” ဟု Snakes of Myanmar အဖွဲ့မှ သုတေသန ပြုလုပ်နေသူ မစိုးသန္တာအောင်ကပြောသည်။
လာအိုမြွေဝံပုလွေကို ယခုမှတ်တမ်းမထုတ်ပြန်မီ လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ တွင် တွေ့ရှိမှုအနေဖြင့် ၂၁ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း Snakes of Myanmar အဖွဲ့ကဆိုသည်။
အဆိုပါ မှတ်တမ်း ၂၁ ကြိမ်တွင် မြိတ်မြို့နယ်၊ ကော့သောင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ် တို့တွင် လာအိုမြွေဝံပုလွေတွေ့ရှိမှု ၅ ကြိမ် ပါဝင်ကြောင်း Snakes of Myanmar ၏ လေ့လာချက်မှတ်တမ်းတွင် ဖော်ပြသည်။
လာအိုမြွေဝံပုလွေ သည် အဆိပ်မရှိသည့် မျိုးစိတ်ဖြစ်ပြီး ဂေဟစနစ် အတွက် ကာကွယ်ထိန်းသိမ်းသင့်သည့် မျိုးစိတ်ဖြစ်ကြောင်း မစိုးသန္တာအောင် ကရှင်းပြသည်။
” ဒီမျိုးစိတ်တွေက လုံးဝအဆိပ်မရှိတဲ့ မျိုးစိတ်တွေဖြစ်တယ်။ အိမ်မှာ ဒီမျိုးစိတ်တွေကို တွေ့ခဲ့ရင် မသတ်ဘဲနဲ့ တုတ်လေးနဲ့ခြောက်မောင်းထုတ်လိုက်တာ၊ ရေလေးနဲ့ပက်မောင်းထုတ်လိုက်တာ တွေ လုပ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြွေမျိုးစိတ်တွေက ဂေဟစနစ်ထိန်းသိမ်းရေးမှာ အဓိကအရေးကြီးတဲ့ ကဏ္ဍကပါဝင်တယ်။ ဒီမျိုးစိတ်က အိမ်မြှောင်တွေစားကြတယ်။ အဲဒီလိုမျိုး အိမ်မြှောင်တွေအပါအဝင် အခြားအင်းစက်တွေကို စားသုံးရင်း အင်းစက် ပြန့်ပွားမှုနှုန်းကိုထိန်းချုပ်ပြီး ဂေဟစနစ်ကို ထိန်းကျောင်းပေးနေပါတယ်” ဟု ၎င်းကပြောဆိုသည်။
ကမ္ဘာပေါ်ရှိ မြွေဝံပုလွေ မျိုးစိတ် ၈၁ ခုတွင် မြန်မာနိုင်ငံတွင် ယခင်က မျိုးစိတ် ၁၁ ခု မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ယခု မှတ်တမ်းအသစ်တင်နိုင်သည့် လာအိုမြွေဝံပုလွေ သည် အိန္ဒိယ၊ထိုင်း၊လာအို၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှား နှင့် တရုတ် စသည့် အာရှနိုင်ငံများတွင်လည်း တွေ့ရှိကြောင်း ယင်းနိုင်ငံများတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။
ယခုကဲ့သို့ မျိုးစိတ်အသစ်တစ်ခု မှတ်တမ်းတင်နိုင်ခြင်းသည် မြန်မာနိုင်ငံ ၏ ဇီဝမျိုးစုံ၊မျိုးကွဲ ပေါကြွယ်ဝမှုကို မီးမောင်းထိုးပြနိုင်သလို မှတ်တမ်းမတင်ရသေးသည့် ဇီဝ မျိုးစိတ်များ၏ အချက်အလက်များကိုလည်း အများပြည်သူများ ပိုမိုသိရှိလေ့လာလာနိုင်ရန် သုတေသနပြုလုပ်ရန် လိုအပ်နေသေးကြောင်း Snakes of Myanmar အဖွဲ့ကဆိုသည်။