ထားဝယ်အရှေ့တော ဘဝပင်ရွာနှင့် ဝကုန်းရွာကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦး သေဆုံးသွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ)နှင့် ဒေသခံအချို့က ပြောသည်။
မေလ ၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ) က အသက် ၂၅ နှစ်ခန့်ရှိ ရဲဘော်ပိုင်ပိုင် သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ယင်းတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ယာမီးလောင်(ထား)တဲ့တောကို ဖြတ်(သွား)တာမှာ ကင်းသမားနဲ့အရင်တွေ့လို တော်သေးတယ်။ မဟုတ်ရင် အကုန်သွားပြီ၊ သူတို့က တောင်ပေါ်က ကျွန်တော်တို့က တောင်အောက်ကလိုဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးထိခိုက်နိုင်သည်ဟု ယင်းတာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။
“စစ်တပ်ဘက်ကလည်း ငါးယောက်လောက်နာတယ်ပြောတယ်၊ အတိအကျတော့ အတည်မပြုနိုင်ဘူးပေါ့နော်” ဟု ဝကုန်းရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
မေလ ၁၀ ရက်ညနေ ၄ နာရီခန့်တွင် ထိတွေ့ပစ်ခတ်မှု ၁၀ မိနစ်ခန့် ထပ်ဖြစ်သေးသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
ထီးထဗျူဟာစခန်းကုန်းကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ ဧပြီလ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းယူပြီးနောက် ဧပြီလ ၂၆ ရက်ခန့်ကစတင်ကာ စစ်ကောင်စီတပ်က အင်အားသုံးရာနီးပါးဖြင့် အရှေ့တောဒေသကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
မေလ ၃ ရက်ကလည်း သရက်ငုတ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါလာသည့်ကားကို စစ်ကောင်စီတပ် စစ်ကြောင်းက စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုအောင်အောင် သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့သည်။
၈ မိုင်စစ်ဆေးရေးဂိတ်၊ တောင်သုံးလုံးရွာဘက်မှစစ်ကောင်စီတပ်နှင့် ပကာရီစခန်း၊ ကျောက်မဲတောင်စခန်းဘက်မှ စစ်ကောင်စီတပ်တို့က အရှေ့တောဒေသဘက်ကို လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။