မြိတ်တွင် ရာသီပေါ် မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း တောင်သူများနှင့် သစ်သီးဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။
အာဏာစသိမ်းချိန်ကမူ မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၁၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာက ပြီးခဲ့သည့်နှစ်တွင် တစ်လုံးလျှင် ကျပ် ၃၀၀ ဝန်းကျင်သာရှိခဲ့ကြောင်း သစ်သီးဆိုင်ပိုင်ရှင်အချို့က ပြောသည်။
မြိတ်ဒေသရှိ ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်တွင် မင်းဂွတ်သီးမထွက်သေးဘဲ မြိတ်မြို့နယ် တစ်ခုတည်းတွင်သာ ထွက်ရှိသေးသဖြင့် ဈေးကောင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဒီကုန်ဈေးနူန်းနဲ့ကျတော့ ဒီလောက်ဈေးကောင်းရထားမှ အဆင်ပြေတယ်”ဟု မြိတ်မြို့ရှိ သစ်သီးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
သို့ရာတွင် ယခုနှစ် မိုးရွာသွန်းချိန်စောသည့်အတွက် နောက်ပိုင်းထွက်ရှိသည့် မင်းဂွတ်သီးများမှာ အပင်ပေါ်တွင်ပင် ပုပ်လာကြောင်း မြိတ်မြို့နယ်အတွင်းရှိ မင်းဂွတ်သီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
“အရင်တစ်ခေါက်သီးတဲ့ အသီးတွေပဲ ရောင်းတန်းဝင်တယ်။ ဈေးကောင်းရတယ်။ နောက်အသီးတွေကျရင်တော့ မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်တွင်မူ မင်းဂွတ်သီးအထွက်များနေပြီဖြစ်ပြီး တစ်လုံးလျှင် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်ကြား ဈေးပေါက်နေကြောင်း မြို့ခံများက ဆိုသည်။
ထားဝယ်မြို့တွင်မူ မင်းဂွတ်သီးပေါများနေပြီး ဈေးတက်ခြင်းမရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မြိတ်မြို့တွင် မင်းဂွတ်သီးအပြင် ဒေသထွက် ကြက်မောက်သီးလည်း ဈေးကောင်းနေပြီး တစ်ကီလိုလျှင် ကျပ်တစ်သောင်းခွဲဝန်းကျင်အထိ ရှိနေကြောင်း သစ်သီးဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယခုနှစ်တွင် မိုးရွာချိန်စောသဖြင့် မင်းဂွတ်သီး၊ဒူးရင်းသီးအပါအဝင် ရာသီပေါ်သီးနှံအချို့ အပျက်အစီးများနေကြောင်း တောင်သူအချို့ထံမှ သိရသည်။