BREAKING
May 14, 2025

ရေဖြူတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေပြီး လူ ၂၀ ဒဏ်ရာရ

May 14, 2025

ရေဖြူမြို့နယ်၊ ရာဖူးကျေူရွာအနီးတွင် ယနေ့(မေ ၁၄)နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်ရာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။

ကျိုက်ထီးရိုးဘုရားမှ ပြန်လာသည့် အန်စာတုံး အမျိုးအစား ဘုရားဖူးယာဉ်နှင့် ထားဝယ်မြို့ဘက်မှလာသည့် ဗီဂိုကားတို့ ရေဖြူမြို့နယ်၊ ရာဖူးရွာအုပ်စု လော့သိုင်းကျေးရွာနှင့် ကျောက်ကဒင်ကျေးရွာကြား မိုင်တိုင်အမှတ် ၁၁၈ အနီးတွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သံ‌ဃာတော် ၂ ပါး၊ကလေး ၂ဦး ၊အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။

ဒဏ်ရာရရှိသူ ၂၁ ဦးကို ကလိန်အောင်တိုက်နယ်ဆေးရုံ၌ ကနဦး ဆေးကုသမှုပေးကာ ထားဝယ်ဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်းခရီး၌ အမျိုးသမီးကြီး တစ်ဦးသေဆုံးသွားကြောင်း ဒါနကြည်ဖြူပရဟိတ အသင်းတာဝန်ရှိသူက ပြောသည်။

“မိုင် ၄၀ အရောက်မှာပဲ အမျိုးသမီးကဆုံးသွားတယ်။ သူက ဘုန်းကြီး နှစ်ပါး နောက်က ထိုင်လာတယ်လိုသိရတယ်။ ရှေ့နားကထိုင်တာဆိုတော့ ဒဏ်ရာပြင်းသွားပုံရတယ်”ဟု ၎င်းကပြောသည်။

သေဆုံးသူမျိုးသမီးမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ အသက် ၆၂ အရွယ်ဝန်းကျင် ဒေါ်လှကြည် ဆိုသူဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။

ယာဉ်တိုက်မှုကြောင့်ဒဏ်ရာရရှိသူ ၂၀ ဦးမှာ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ထားဝယ် ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကြောင်း၊ အမျိုးသား၊အမျိုးသမီး ၁၄ ဦးမှာအတွင်းလူနာဖြစ် ဆေးကုသမှုခံယူနေပြီး ၆ ဦးမှာ ပြင်ပလူနာအဖြစ် ကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါယာဉ်တိုက်မှုကို ထားဝယ်မြို့အခြေစိုက်ပရဟိတ အသင်းများမှ အရေးပေါ်လူနာတင်ယာဉ် ၁၁ စီးနှင့် ရေဖြူ မြို့နယ်မှ အရေးပေါ်လူနာတင်ယာဉ်များဖြင့် သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။