ဂျာမနီနိုင်ငံတွင် ဘုရင်အဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးစားသူနှင့်အပေါင်းအပါများကို အစိုးရက ဖမ်းဆီးလိုက်ပြီဖြစ်သည်။
‘Reichsbürger’(အင်ပါယာနိုင်ငံသားများ) ဟု အမည်ပေးထားသည့်အဖွဲ့က ‘ဂျာမနီဘုရင့်နိုင်ငံ’ ဟု အဓိပ္ပါယ်ရသည့် Königreich Deutschland ကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများက ဖော်ပြသည်။
အဆိုပါ အဖွဲ့သည် ဂျာမနီနိုင်ငံတွင် နောက်ထပ်အစိုးရတစ်ခု တည်ထောင်ရန် ကြိုးစားလျက်ရှိသည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါးဒေါ့ဘရင့်တ်က ဆိုသည်။
အဆိုပါအဖွဲ့က ၎င်းတို့အပေါ် လူအများထောက်ခံလာစေရန် ဂျူးမုန်းတီးရေး ဝါဒဖြန့်လျက်ရှိကာ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။
တရားမဝင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ရန်ပုံငွေကို ဖန်တီးခဲ့သည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ပီတာဖစ်ဇက်သည် ၎င်းကိုယ်၎င်း ဘုရင်အဖြစ် ခေါ်ဝေါ်သုံးစွဲလေ့ ရှိပြီး ၎င်းအား သစ္စာခံသည့် နောက်လိုက်ထောင်ပေါင်းများစွာ ရှိသည်ဟုဆိုသည်။
ပီတာဖစ်ဇက်သည် ယခင်က စားဖိုမှူးတစ်ဦးဖြစ်ကာ ကရာတေးနည်းပြဆရာတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ယခင်က တရားရုံးတစ်ခု၌ သူ့ကိုယ်သူ “ပထမမြောက် ပီတာဘုရင်” အဖြစ် ထွက်ဆိုခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် ပီတာဖစ်ဇက်သည် သားမွေးဝတ်ရုံအဖြူဝတ်ဆင်ကာ အလယ်ခေတ် ဓားတစ်လက်ဝှေ့ယမ်းပြီး ဘုရင်အဖြစ် သူ့ကိုယ်သူ သရဖူအပ်နှင်းခဲ့သည်။
ထိုအချိန်မှစ၍ ၎င်းသည် ဂျာမနီနိုင်ငံအနှံ့တွင် မြေယာနှင့် အိမ်များ ဝယ်ယူနေခဲ့သည်။
“အင်ပါယာနိုင်ငံသားများ”ဟု အဓိပ္ပါယ်ရသည့် Reichsbürger အဖွဲ့ဝင်များတွင် ကိုယ်ပိုင်သီးသန့်ငွေကြေး၊ အလံနှင့် နိုင်ငံသားမှတ်ပုံတင်ကတ်များရှိပြီး ၎င်းတို့ကိုယ်ပိုင်သီးခြားဘဏ်နှင့်ကျန်းမာရေးစနစ်များ ထူထောင်ရန် ဆန္ဒရှိလျက် ရှိသည်။
၂၀၂၂ ခုနှစ်က ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပီတာဖစ်ဇက်က ၎င်းတွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။
ထိုအင်တာဗျူးတွင် ၎င်းက ဂျာမနီနိုင်ငံကို အဖျက်စွမ်းအားကြီးပြီး နာမကျန်းသည့် နိုင်ငံတော်အဖြစ် ခေါ်ဝေါ်ပြောဆိုခဲ့သည်။
“ဒီဖက်ဆစ်နဲ့ စေတန်စနစ်ကြီးထဲမှာ ပါဝင်ဖို့ ကျွန်တော် စိတ်မဝင်စားဘူး” ဟု ၎င်းက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။
ဂျာမနိုင်ငံအရှေ့ပိုင်းရှိ ၎င်း၏ “ဘုရင့်နိုင်ငံ” သို့ ဘီဘီစီသတင်းဌာနက လာရောက်လည်ပတ်မေးမြန်းစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပီတာဖစ်ဇက်သည် လက်ရှိဂျာမနီနိုင်ငံ၏ ဥပဒေများကို လိုက်နာရန် ငြင်းဆန်ခဲ့ပြီး အာဏာပိုင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ခဲ့သည်။
ယင်းလုပ်ရပ်များမှာ လူစိတ်ဝင်စားမှုရရန် တမင်လုပ်ပြနေဟန်ပေါက်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ပီတာဖစ်ဇက်သည် ဥပဒေကို လက်မခံသည့် သင်္ကေတအဖြစ် ယာဉ်မောင်းလိုင်စင်ကို အာဏာပိုင်များထံ ပြန်အပ်ကာ လိုင်စင်မဲ့မောင်းနှင်မှုကြောင့် အကြိမ်ကြိမ် ထောင်ချခံခဲ့ရသည်။
တစ်ကြိမ်တွင် ပီတာဖစ်ဇက်သည် တရားရုံးရှေ့မှာပင် ကားပေါ်တက်မောင်းထွက်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
လက်ရှိဂျာမနီနိုင်ငံတွင် Reichsbürger(အင်ပါယာနိုင်ငံသားများ)အဖွဲ့ဝင် ဦးရေ ၂၅,၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဤအရေအတွက်မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တိုးပွားလာလျက်ရှိသည်။
အဆိုပါ အဖွဲ့ဝင် ၂,၅၀၀ ခန့်သည် အကြမ်းဖက်မှုလုပ်လာနိုင်သည့် အလားအလာရှိပြီး အဖွဲ့ဝင် ၁,၃၅၀ ခန့်မှာ လက်ယာအစွန်းရောက်များ ဖြစ်သည်ဟု ဂျာမနီအာဏာပိုင်များက ယူဆထားသည်။
၂၀၂၂ ခုနှစ်တွင် ဘာလင်မြို့၌ ဂျာမနီအစိုးရကို ဖယ်ရှားရန် ကြံစည်မှုဖြင့် လူပေါင်းဒါဇင်ချီကို ဖမ်းဆီးခဲ့ရာ ၎င်းတို့အနက် Reichsbürger အဖွဲ့ဝင် အများအပြားပါဝင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူများသည် ဂျာမနီကျန်းမာရေးဝန်ကြီးကို ပြန်ပေးဆွဲကာ အကြမ်းဖက်အာဏာသိမ်းရန်စီစဉ်ခဲ့ပြီး နိုင်ငံအတွင်း ပြည်တွင်းစစ်အခြေအနေ ဖန်တီးကာ ဂျာမနီဒီမိုကရေစီကို ဖြုတ်ချရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
Source: BBC