BREAKING
May 14, 2025

ထားဝယ်၊ ကျောက်ရပ်ရွာတွင် သစ်ဆိုင်မှအမျိုးသားကိုဖမ်းပြီး ဆိုင်နှင့်အိမ်ကို စစ်ကောင်စီတပ် သိမ်းထား

May 14, 2025

ပုံစာ - ပေါက်တိုင်းတံတားဂိတ်အား ပြီးခဲ့သည့် ဧပြီလ အတွင်းတွေ့ရစဥ် ။ ဓာတ်ပုံ - Dhamma Hero

ထားဝယ်မြို့ အဝင်အထွက်တံတားဖြစ်သည့် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတားဂိတ် အနီးရှိ သစ်အရောင်းဆိုင်တွင်နေထိုင်သူ ဦးသန်းအောင်ကို စစ်ကောင်စီ ကဖမ်းဆီးပြီး ယင်းဆိုင်တွင် တပ်စခန်းချထားကြောင်း ရွာသားများထံမှသိရသည်။

မေလ ၇ ရက်က ပေါက်တိုင်းတံတားဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ရက်အကြာ မေလ ၁၀ ရက်တွင် ဦးသန်းအောင်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဆိုင်မှသစ်သားများကို စစ်ကောင်စီတပ်သားများ ယူဆောင်သွားကြောင်း၊ သစ်အရောင်းဆိုင်နှင့် ယင်းဆိုင်မှ ပိုင်သည့် သုံးထပ်တိုက်တွင် စစ်ကောင်စီတပ်သားများ ယနေ့ မေလ ၁၄ ရက်အထိ တပ်စွဲနေထိုင်ဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသော ရွာသားများက ဆိုသည်။

” သစ်သားဆိုင်နဲ့ ဘေးက သုံးထပ်တိုက်ကို စနေနေ့မှာ ဝင်လာပြီး ဆိုင်က ဦးသန်းအောင်ကို ဖမ်းခေါ်သွားတယ်။ သစ်တွေလည်း အကုန်ယူသွားတယ်။ ပြီးတော့ အဲဒီသုံးထပ်တိုက်မှာ သူတို့ဝင်နေကြတယ်။ သုံးထပ်တိုက်က ၂၀၁၈လောက်ကတည်းက ဆောက်ပြီး လူမနေရသေးဘူး။ အိမ်သစ်တက်တောင် မလုပ်ရသေးဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။

တံတားတိုက်ခိုက်ခံရပြီးနောက် တနင်္သာရီတိုင်းအတွင်းရှိ အချက်အလက်များကို ဖော်ပြနေသည့် စစ်ကောင်စီဝါဒဖြန့် ချန်နယ် တစ်ခုဖြစ်သည့် အမဲလိုက်မုဆိုးကြီး သတင်းမှန် တယ်လီဂရမ်ချန်နယ်က အထက်ပါသစ်အရောင်းဆိုင်နှင့် သုံးထပ်တိုက်မှတစ်ဆင့် တံတားဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခြင်း ဖြစ်ကြောင်း မေလ ၈ ရက်က ဖော်ပြပြီးနောက် ယင်းကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဦးသန်းအောင်ကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေး နေသည်နှင့် ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုမူ အတည်ပြုနိုင်ရန်စုံစမ်းနေဆဲဖြစ်သည်။

သို့သော် တံတားဂိတ်တိုက်ခိုက်ခံရပြီးနောက် ရှမ္မတွင်းရွာဘက်သို့ စစ်ကြောင်းဝင်စဥ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်ရပ် ရွာသားခြောက်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ရွာသားများကပြောသည်။

စစ်ကောင်စီတပ်သားများသည် တံတားတိုက်ခိုက်ခံရပြီးနောက် တံတားနံဘေး လမ်းတစ်ဖက်တစ်ချက်စီတွင် နှစ်ဆယ်ဦးခန့်စီ နေရာယူထားကြောင်း ကျောက်ရပ်ရွာသားများနှင့် ကားသမားများထံမှသိရသည်။