တလောက Tanintharyi Gallery ဆိုတဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုမှာ “ထားဝယ်ဒေသအတွင်းက စိတ်ဝင်စားဖွယ် ရပ်ရွာအမည်တွေ”ဆိုတဲ့ခေါင်းစဥ်နဲ့ ပိုစ့်တစ်ခုကို တွေ့ရပါတယ်။ ဒီပိုစ့်ကိုဖတ်ရတော့ ကျနော်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိကို သတိရလွမ်းဆွတ်တဲ့စိတ်ကလေးဖြစ်လာပြီး ကိုယ့်ရွာနာမည်နဲ့ ပတ်သက်လို့ တွေးတောစဥ်းစားကြည့်ဖြစ်ပါတယ်။ ဒါကတော့ ဇာတိချက်ကြွေမွေးရပ်မြေ ကနက်သီရိဆိုတဲ့ နာမည်အကြောင်းပါ။
ကနက်သီရိမြို့ ဆိုတာ ထားဝယ်ဒေသရဲ့သမိုင်းဝင် ရှေးဟောင်းမြို့ ၁၈ ခုထဲက တစ်ခုဖြစ်ပါတယ်။ ယခုသရက်ချောင်းမြို့နယ်အတွင်းမှာတည်ရှိပြီး ထားဝယ်မြစ်ဝနဲ့ အက်ဒမန်ပင်လယ်ပြင်ကြီးကို မေးတင်ထားတဲ့ စည်းကားလှတဲ့ ပင်လယ်ကမ်းခြေရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ယခင်က မင်းနေပြည်တော်အဖြစ် မြို့တည်ခဲ့တယ်ဆိုပေမယ့် ယနေ့ခေတ်မှာတော့ ရွာအဖြစ်သာ ကျန်ရှိပါတော့တယ်။
ကနက်သီရိမြို့ကို ဓမ္မသေနမင်း၊ ကောရမ္ဘမင်းနဲ့ နဂါးဇင်းမင်းတို့က သာသနာသက္ကရာဇ် (Buddhist Era – B.E.) ဘီအီး ၂၃၈ ခုနှစ်မှာ တည်ထောင်တယ်လို့ သိရပါတယ်။ ယနေ့ခေတ် ဂရေဂိုရီးယန်းပြက္ခဒိန်ရဲ့ အေဒီ ၂၀၂၆ ခုနှစ်ဟာ သာသနာသက္ကရာဇ်အရဆိုရင် ဘီအီး ၂၅၆၉ ခုနှစ်ရှိပြီဖြစ်ပါတယ်။ ကနက်သီရိမြို့ကိုတည်ခဲ့တာ နှစ်ပေါင်း ၂၃၃၀ ကျော်ကြာမြင့်ခဲ့ပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
ကနက်သီရိဆိုတာကို သဒ္ဒါဝါစင်္ဂအရကြည့်ရင်
ကြိယာ + နာမ် ဒါမှမဟုတ်
နာမ် + နာမ် ကိုပေါင်းစပ်ထားတဲ့ ပေါင်းစပ်နာမ်တစ်ခုဖြစ်တယ်လို့ ကျနော်ကတော့ ခွဲခြမ်းယူဆမိပါတယ်။ ဒီလိုယူဆတာကလည်း အကြောင်းရှိပါတယ်။ ဒါကိုအကျယ်ဖွင့် ရှင်းပြလိုပါတယ်။
❖ ကနက် ကြိယာယူဆချက်
ကနက်(ကြိယာ) + သီရိ (နာမ်) = ကနက်သီရိ (အများဆိုင်နာမ်)
ကနက်သီရိအဓိပ္ပါယ်ကို ရှင်းပြနိုင်ဖို့အတွက် ကုန်းဘောင်ခေတ်စာဆို ဖိုးသူတော်ဦးမင်းရဲ့ “တောင်သူကြီး”ဒုံးချင်းကဗျာထဲက စာသားလေးတစ်ပိုဒ်ကိုဆွဲထုတ်ပြီး ဒီထဲက စာသားလေးတစ်ခုကို အနက်ဖွင့်ရင်း ကိုးကားရှင်းပြလိုပါတယ်။
“ကိုးပိဿာစီး ဓားမကြီး
ရန်းမီးသတ္တရု ငေါက်လျှင်ပြို
ကုန်းဘောင်ရွှေဘို ထောင်ကနက်က
ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
ရေးတော်မရှောင် ထမ်းတဲ့ယောက်ျား။”
“ထောင်ကနက်”ဆိုတဲ့ စာသားလေးတစ်ခုပါ။ ဒါကို “ရွှေဘိုကုန်းဘောင်နန်းတော် တည်ထောင်သည်”လို့ အနက်(ခက်ဆစ်)ဖွင့်ပါတယ်။ တောင်သူကြီး ဒုံးချင်းဟာ အခြေခံပညာဒသမတန်း မြန်မာစာသင်ရိုးမှာလည်း ထည့်သွင်းသင်ကြားနေတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
ဒီတော့ ကနက်သီရိဆိုတာကို သက်ဆိုင်ရာစကားလုံး တစ်ခုချင်းစီ အနက်ဖွင့်ရရင်
ကနက် = တည်ထောင်သည်
သီရိ = တင့်တယ်ခြင်း၊ ကျက်သရေမင်္ဂလာ၊ ဘုန်းတန်ခိုး အစသဖြင့် အဓိပ္ပါယ်ရပါတယ်။ ဒါကို သင့်တော်သလိုဘာသာပြန်ရရင် “ဘုန်းတန်ခိုး (သို့) ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစွာဖြင့် တည်ထောင်သောမြို့” လို့ အဓိပ္ပါယ်ဖွင့်ဆိုရင် မှားနိုင်မယ်မထင်ပါဘူး။
ဒါပေမယ့် အငြင်းပွားစရာတွေတော့ အများကြီးရှိပါတယ်။
ကနက်သီရိမြို့ကို ဘီအီး ၂၃၈ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီး ဒီအချိန်ဟာ ပထမမြန်မာနိုင်ငံတော် ပုဂံကိုတောင် မတည်ထောင်ရသေးပါဘူး။ ပထမမြန်မာနိုင်ငံတော် ပုဂံကို အနော်ရထာမင်းစောက ဘီအီး ၁၅၈၈ ခုနှစ်မှသာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော်ဦးမင်းဟာ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်ခေတ်မှာပေါ်ပေါက်ခဲ့တဲ့ စာဆိုတော်တစ်ဦးဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ဆိုတာ သာသနာသက္ကရာဇ်အရဆိုရင် ဘီအီး ၂၃၀၀ ခုနှစ် ဝန်းကျင်ဖြစ်ပါတယ်။
ဆိုလိုတာက ကုန်းဘောင်ခေတ်ကနေပြီး ကနက်သီရိမြို့တည်ခေတ်ကို သမင်လည်ပြန် လှည့်ကြည့်ပါရင် နှစ်ပေါင်း ၂၀၀၀ ကျော်ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ ဒီတော့ ဒီနေရာမှာ မေးခွန်းထုတ်စရာက စကားလုံးတစ်လုံးရဲ့တည်ရှိမှုပါ။ “ကနက်”ဆိုတာ ဘာအဓိပ္ပါယ်ပါလဲ၊ “ကနက်”ဆိုတဲ့အဓိပ္ပါယ်ဟာ ပထမမြန်မာနိုင်ငံမတည်ခင်ကတည်းကနေပြီး တတိယမြန်မာနိုင်ငံတော်တည်တဲ့အထိ နှစ်ကာလပေါင်း ၂၀၀၀ ကျော်အထိ အဓိပ္ပါယ် တသမတ်တည်းရှိနေခဲ့တာလား။
တွေးဆစရာ ပဟေဠိတစ်ခုဖြစ်ပါတယ်။
❖ ကနက် နာမ် ယူဆချက်
ထီးဖြူတော် ၈ စင်းမှာ ကနက္ကဒဏ်ဆိုတဲ့ ထီးဖြူတော်တစ်စင်း ပါဝင်ပါတယ်။ ထီးဖြူဆိုတာ ဘုရင်ဧကရာဇ်တွေ စံပယ်ရာနေရာမှာ မပြတ်စိုက်တည်ထားလေ့ရှိတဲ့ မင်းမြှောက်တန်ဆာ ငါးပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေအတွက်လည်း မြင့်မြတ်တဲ့ တော်ဝင်အသုံးအဆောင် ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ဘာသာရေးအားဖြင့် ဗုဒ္ဓရုပ်ပွားတော်တွေကို အရိုအသေအလေးအမြတ်ထားတာကို ပြဆိုတဲ့အနေနဲ့ ထီးဖြူအုပ်မိုးလေ့ရှိသလို နိုင်ငံရေးအရလည်း အုပ်ချုပ်သူရှင်ဘုရင်တွေသုံးစွဲပြီး ကြီးကျယ်မြင့်မြတ်မှု၊ အာဏာပိုင်စိုးမှုတွေကို ပြသလေ့ရှိပါတယ်။
ကန္နိမြို့ စစ်ကဲမင်းထင်ရာဇာဖွဲ့ဆိုတဲ့ “ရွှေစည်တော်သံ” မှာ
“ထောင့်ကိုးဆယ် စွန်းပဉ္စတွင်မှ
ညွှန်းဆင်သ ရာဇဝင်။
ကနက်ပြိုင် ရှစ်ဆူမိုးတယ်
စိုးတဲ့ဘုရင်” ဆိုပြီးစာချိုးလေးတစ်ပိုဒ် ပါရှိပါတယ်။ “ကနက်ပြိုင် ရှစ်ဆူမိုးတယ်”ဆိုတာ ထီးဖြူတော် ၈ စင်း အုပ်မိုးတယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။
ကနက္ကဒဏ်(ကနကဒဏ်)ရွှေရိုးတပ်ထီးဖြူကို မြန်မာအဘိဓာန်မှာတော့ ကနက+ဒဏ္ဍကိုပေါင်းစပ်ထားတဲ့ ပါဋ္ဌိစကားလုံးကဆင်းသက်လာတယ်လို့ဖော်ပြထားပါတယ်။
ကနက်သီရိဆိုတဲ့ မြို့နာမည်မှည့်ဆိုရာမှာ ကနက်ရဲ့အဓိပ္ပါယ်ကို အဲဒီကနက္ကဒဏ်ကယူပြီး သုံးစွဲခဲ့တယ်ဆိုရင် “ထီးဖြူဆောင်းပြီး ဘုန်းကျက်သရေတင့်တယ်စွာဖြင့် တည်ထောင်သောမြို့ (သို့) ထီးဖြူဆောင်းပြီး မင်္ဂလာရှိစွာတည်ထောင်သောမြို့” လို့ သင့်တင့်လျောက်ပတ်သလို အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။
❖ သို့တည်းမဟုတ် ထားဝယ်စကားလော
ဒီနေရာမှာ ဗမာ၊ ထားဝယ် ဘာသာစကားခြားနားချက်ကိုလည်း ဆင်ခြင်မိပါတယ်။ “ကနက်”ဆိုတာ ထားဝယ်စကားလော ဗမာစကားလော မေးစရာရှိပါတယ်။ သီရိဆိုတဲ့ ဗမာစကားနဲ့တွဲထားပုံကိုကြည့်ရင် ဗမာစကားဖြစ်ဖို့ပဲများတယ်လို့ အကြမ်းအားဖြင့် ကောက်ချက်ပြုနိုင်ပါတယ်။ သို့သော် ကနက်မှာ အခြားသောအဓိပ္ပါယ်ဖွင့်ဆိုချက်တွေများ ရှိပါသေးသလား။
ဒါမှမဟုတ် ကနက်ဆိုတာဟာ ဗမာစကားမဟုတ်ဘဲ ထားဝယ်စကားဖြစ်နေလေမလားဆိုတဲ့ ရှူထောင့်ကလည်း တွေးဆစရာရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ ကနက်ဆိုတာကို ထားဝယ်စကားပြောဆိုရာတွေမှာ သုံးစွဲနေတာမျိုး မကြားရဖူးပါဘူး။ ဒါဟာ ကနက်ဆိုတဲ့ စကားလုံးဟာ ထားဝယ်စကားမှာမရှိဘူးလို့ ဆိုလိုတာမျိုးမဟုတ်ဘဲ နှစ်ပေါင်း ၂၀၀၀ ကျော်အကြာမှာ တိမ်မြှုပ်ပျောက်ကွယ်သွားပြီဖြစ်တဲ့ ထားဝယ်စကား ဝေါဟာရတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ သီရိဆိုတဲ့စကားလုံးမှာတော့ ထားဝယ်စကားလုံးသီးခြားမရှိဘဲ သီရိလို့သာ ဗမာစကားအတိုင်း တိုက်ရိုက်သုံးစွဲပါတယ်။ ဒီတော့ ကနက်သီရိဆိုတာ ထားဝယ်စကားလုံးတစ်ခု ဖြစ်နေနိုင်ပါတယ်။
ကနက်သီရိကို ဒီနေ့ခေတ်မှာ ထားဝယ်တွေဟာ ဘယ်သူမှ ကနက်သီရိလို့ မခေါ်ဆိုကြပါဘူး။ ကနက်သီရိဆိုတာ စာအရေးအသားတစ်ခုသာ ရှိပါတော့တယ်။ ထားဝယ်တွေအားလုံးဟာ ကနက်သီရိကို “နတ်စိ” လို့ခေါ်ဆိုကြပြီး မြို့တည်ခဲ့စဥ်ကကော ကနက်သီရိလို့ပဲ ခေါ်ဆိုခဲ့ကြတာလား ဒါမှမဟုတ် နတ်စိ လို့ပဲခေါ်ဆိုခဲ့ကြလား၊ ဘယ်လိုခေါ်ဆိုခဲ့ကြသလဲ။
ဗမာအခေါ် “မရမ်းသီး”ကို ထားဝယ်အခေါ် “ဇင်းသီး”လို့ လုံးဝကွဲပြားသွားသလိုမျိုး နတ်စိဆိုတာဟာလည်း ဗမာစကား ကနက်သီရိရဲ့ ထားဝယ်စကားများလေလား။ နောက် ကနက်သီရိဆိုတာဟာ အထက်မှာဖော်ပြခဲ့တဲ့ မင်းသုံးပါး စတည်ကတည်းကပေးခဲ့တဲ့ နာမည်လား၊ ဘယ်ကတည်းကစပြီး မှည့်ခေါ်ခဲ့တဲ့ နာမည်လဲဆိုတာကလည်း စိတ်ဝင်စားဖွယ်၊ စဥ်းစားဖွယ်ဖြစ်ပါတော့တယ်။
“ကနက်သီရိ”ဆိုတဲ့ အဓိပ္ပါယ်အပေါ်မှာ ကျနော်ရဲ့ တွေးဆချက်တွေဟာ မှန်ကန်ရဲ့လား၊ မှားယွင်းနေလေမလားမသိပေမယ့် အတွေးနယ်ချဲ့စရာတွေတော့ အများကြီးရစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
“ကနက်သီရိ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ပတ်သက်ပြီး ပေထက်အက္ခရာတင်ထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ အထောက်အထားတွေ၊ ဖွင့်ဟရှင်းလင်းချက်တွေ၊ အဓိပ္ပါယ်သိသူတွေအနေနဲ့လည်း ရှင်းလင်းမျှဝေပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။
ယောနသံ







